
မွန်ပြည်နယ် ရေးမြို့နယ် အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ဝါးကျွန်းအနီးမှာ ရေလုပ်ငန်းရှင် ဦးအေးထွန်းရဲ့ စိန်ပိုက်စက်လှေပေါ်မှာ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။
စိန်ပိုက်စက်လှေပဲ့နင်း ဦးပြုံးချိုပါ ၁၈ ဦးနဲ့ ငါးဖမ်းနေရာက ရေလုပ်သား အောင်အောင်နဲ့ ဇော်ဇော်အောင်တို့ဟာ စက်လှေပေါ်မှာ စကားများရာကနေ အောင်အောင်က ငါးဖမ်းစက်လှေပေါ်ရှိ ပိုက်ဖာဓားနဲ့ထိုးခဲ့ရာ ဇော်ဇော်အောင် မှာ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ၊ ယာဘက် လက်မောင်းထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမွန်က ပြောပါတယ်။
ရေးမြို့မရဲစခန်းက အောင်အောင် ကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။
နေမျိုးထွဋ် (ရေး)











