DVB Logo
Home
မြန်မာသတင်း
နတ်ရွာစံထိုင်းဘုရင်ကြီးဈာပန မင်းခန်းမင်းနားနှင့် ခန့်ညားထည်ဝါစွာ ကျင်းပ
DVB
·
October 26, 2017
နတ်ရွာစံထိုင်းဘုရင်ကြီးဈာပန မင်းခန်းမင်းနားနှင့် ခန့်ညားထည်ဝါစွာ ကျင်းပ
Donate to DVB

နတ်ရွာစံ န၀မမြောက်ထိုင်းဘုရင်ကြီး ဘူမိဘောလ်အဒူယာဒေ့ခ်ျရဲ့ ဈာပနအခမ်းအနားကို ဘန်ေ ကာက် နန်းတော်ရှေ့ ပြည်သူ့ရင်ပြင်(ဆနမ်လုံ)မှာ ဒီကနေ့မနက် ၇ နာရီကျော်ကစပြီး မင်းခမ်းမင်းနားအနေနဲ့ရော နိုင်ငံတော်ရဲ့ အဆင့်မြင့်ဆုံးပုဂ္ဂိုလ် ဈာပနအနေနဲ့ပါ ခန့်ညားထည်ဝါစွာ ကျင်းပလျှက်ရှိပါတယ်။

ဒီကနေ့ မနက် ၇ နာရီ ၅၇ မိနစ်မှာ ထိုင်းဘုရင့်တပ်မတော်နဲ့  ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ ပါဝင်တဲ့ ဈာပနစီတန်းလှည့်လည်ရေးအဖွဲ့(၁)မှ နတ်ရွာစံဘုရင်ကြီးရဲ့ ရုပ်ကလာပ်ထည့်သွင်း ထားတဲ့ ရွှေအိုးကို နန်းတော်ရဲ့ အနောက်တံခါးဘက်ကနေ နိဗွာန်ရထားနဲ့  ဖရစည်တူဖွန်း ကျောင်းတိုက်ကို ဦးစွာပင့်ဆောင်ခဲ့ပါတယ်။

အဆိုပါ ကျောင်းတိုက်ရှေ့မှာ နိုင်ငံတော်တီးဝိုင်းအဖွဲ့က ဂုဏ်ပြုတီးမှုတ်ပြီး အမြောက်တပ်မှ လည်း တမိနစ်ကို တကြိမ်ကျ ကောင်းကင်သို့ အမြောက်များ ပစ်လွှတ်ခဲ့ပါတယ်။

မနက် ၈ နာရီ ၃၂ မိနစ်မှာတော့ လက်ရှိဘုရင်ကြီးမှ ယာယီဆောက်လုပ်ထားတဲ့ ဇရပ်မှာနေရာယူပြီး ဈာပနစီတန်းလှည့်လည်ရေးအဖွဲ့ ၂ က  နတ်ရွာစံဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို အသင်စီမံထားတဲ့ နိဗ္ဗာန်ရထားနဲ့ ဘုန်းကြီးကျောင်းကနေ မီးမြိုက်သင်္ဂြိုဟ်မယ့် ဗိမ္မာန်တော်ကြီးဆီ ရှိရာနေရာကို  ပင့်ဆောင်ခဲ့ပါတယ်။ အဲသလိုပင့်ဆောင်ရာမှာ ထီးဖြူကိုင်ဆောင်သောအဖွဲ့နဲ့ ဘင်ခရာအဖွဲ၊ စည်တော်အဖွဲ့၊ နှဲမှုတ်အဖွဲ့၊ ဗုံတီးတဲ့အဖွဲ့တွေက တီးမှုတ်ရင်း လိုက်ပါပို့ဆောင်ပါတယ်။

မနက် ၉ နာရီ ၅ မိနစ်အချိန်မှာတော့ ဘုရင်ကြီးရဲ့ ရုပ်ကလာပ်တော်ကို  ဈာပနစီတန်း လှည့်လည်ရေးအဖွဲ့  ၃ က တာဝန်ယူပြီး ဗိမ္မာန်တော်ကို လက်ျာရစ် ၃ ပတ် စီတန်းလှည့်လည် ပါတယ်။

အဲဒီလိုလှည့်လည်ရာမှာ အရှေ့ဆုံး ဝေါယာဉ်ထဲမှာ ဆရာတော်တပါးမှထိုင်လျှက် တရားစာများ ရွတ်ဖတ်သရဇ္ဇာယ်လာပြီး အနောက်မှာ နတ်ရွာစံဘုရင်ကြီးရဲ့ သားသမီးမြေးမြစ်နဲ့ တကွ ဆွေတော်မျိုးတော်တွေရော မူးမတ်တွေပါ လိုက်ပါပို့ဆောင်လာကြပါတယ်။

မနက် ၉ နာရီ ၂၂ မိနစ်မှာ ဘုရင်ကြီးရုပ်ကလာပ်ကို ဗိမ္မာန်တော် အမြင့်ဆုံးအထပ်ဆီသို့ စက်ရထားနဲ့ တဖြည်းဖြည်း ဆွဲငင်ပင့်ဆောင် ထားရှိခဲ့ကြပါတယ်။

ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကိုတော့ ဒီကနေ့ည ၁၀ နာရီ အချိန်လောက်မှာမှ မီးမြှိုက်ပူဇော်မယ်လို့  kingrama9 ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဘုရင်ကြီးရဲ့  နိဗ္ဗာန်ကျောင်းဆောင်ကြီးကို အတော်ဆုံးဗိသုကာပညာရှင်တွေက နတ်ဘုံနတ်နန်းအသွင် ထုထွင်းတည်ဆောက်ထားပါတယ်။

အမြင့်ဆုံးဘုံမှာ ဘုရင်ကြီးရုပ်ကလာပ်ထားရှိပြီး နောက်ထပ်နိမ့်တဲ့ တဆင့်မှာတော့ ဘုံစံကျောင်း လေးခုရှိပါတယ်။  အဲဒီနေရာမှာ ဆရာတော်ဘုရားတွေနေရာယူပြီး အသုဘတရား ဟောကြားဖို့ ဖြစ်ပါတယ်။

နှိဗ္ဗာန်ကျောင်းဆောင်ကြီးကို ဟိမ၀န္တာတောထဲရှိ နတ်ဘုံနတ်နန်းအသွင် ရတနာကိုးဆင့်နဲ့ အယုဒ္ဒယခေတ် ရှေးဟောင်းသုခုမ အနုပညာတွေနဲ့ အသေးစိပ် မွမ်းမံတည်ဆောက်ထား ပါတယ်။

အဲဒီထဲမှာ သိကြားမင်းနဲ့ နတ်သားတွေက ဘုရင်ကြီးကို ကြိုဆိုနေတဲ့ရုပ်ထုတွေ၊  နိဗ္ဗာန်ကျောင်း ပတ်လည်မှာလည်း ရာနဲ့ချီတဲ့ နတ်သမီးနတ်သားပုံတွေ ထုထားသလို၊ တိရိစ္ဆာန်တွေထဲမှာ အင်အားအကြီးမားဆုံးဖြစ်သော၊ မြင့်မြတ်သော ဂဠုန်၊ နဂါး၊ ခြသေ့င်္ ၊ မြင်း ၊ ဆင်စတဲ့ သတ္တ၀ါရုပ်ထုတွေပါ အစောင့်အရှောက်သဘောနဲ့ ထုထွင်းထားပါတယ်။

စံကျောင်းအောက်ခြေမှာတော့ ဟိမ၀န္တာတောလို စမ်းချောင်းတွေ၊ တောတောင်တွေ၊ သမင်၊ ဒရယ်၊ နွား၊ မြွေအစရှိသော သတ္တ၀ါတွေ မြူးတူးနေပုံထွင်းထုထားပါတယ်။

စံကျောင်းရဲ့ မြောက်ဘက်မှာတော့ ၀င်းမှည့်နေတဲ့ စပါးခင်းတွေ၊ ဆည်တွေ ဆောက်လုပ်ထားပါတယ်။ စိုက်ပျိုးရေးနဲ့ ခြိုးခြံချွေတာရေးကို အားပေးတဲ့ ဘုရင်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ အဲဒီလယ်ကွင်းကို ပြင်ဆင်ထားပြီး ဘုရင်ကြီးဈာပနကျင်းပမယ့်အချိန်မှာ စပါးတွေ ရွှေဝါရောင်ဝင်း မှည့်လာမယ့်အချိန်နဲ့ ကိုက်ပြီး စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။

ကိုးကား - ထိုင်းသတင်းများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013