
မန္တလေး ဘူတာကြီးပတ်ဝန်းကျင်မှာ ညအိပ်နေထိုင်ကြတဲ့ ကျုးတွေကို ဖယ်ရှားပေးဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတွေက လိုက်လံအသိပေး နှိုးဆော်နေပါတယ်။
မန္တလေးမြို့ ၇၉ လမ်းတလျှောက် ဘူတာကြီး ဧရိယာတ၀ိုက်မှာ လုပ်ကိုင်စားသောက်ရင်း အမိုးအကာတွေပြုလုပ်ကာ ညအိပ်နေထိုင်သူတွေရှိလာတာကြောင့် ညအိပ်နေထိုင်ခြင်း မပြုဖို့နဲ့ ဖယ်ရှားပေးဖို့ကို စည်ပင်သာယာတာဝန်ရှိသူတွေက အသိပေးနှိုးဆော်ခဲ့တာပါ။
အရင်က မကြာခဏဖယ်ရှားခိုင်းခဲ့တာမျိုးတွေကိုကြုံခဲ့ကြပေမယ့် ပြန်လည်နေထိုင်ခဲ့ကြ ပါတယ်။ ကျုးကျော်နေထိုင်သူတွေဟာ ဖယ်ရှားပေးဖို့ပြောဆိုရာမှာ ငြင်းဆန်မှုတွေမရှိပေမယ့် နေစရာအခက်အခဲရှိတယ်လို့ ကျုးကျော်နေထိုင်သူတဦးက ပြောပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကျူးကျော်နေထိုင်သူတွေကို ဥပဒေနဲ့ဖယ်ရှားခိုင်းမှာမဟုတ်ပဲ ညှိနှိုင်းမှုနဲ့ ဖယ်ရှားခိုင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း- ငြိမ်းမိုးနောင်











