DVB Logo
Home
မြန်မာသတင်း
ဘာသာပေါင်းစုံဆုတောင်းပွဲကိုထိန်းကျောင်းရန် ကြံ့ခိုင်ရေးအမတ်၏အရေးကြီးအဆိုတင်မှု ပယ်ချခံရ (ရုပ်သံ)
DVB
·
October 26, 2017
ဘာသာပေါင်းစုံဆုတောင်းပွဲကိုထိန်းကျောင်းရန် ကြံ့ခိုင်ရေးအမတ်၏အရေးကြီးအဆိုတင်မှု ပယ်ချခံရ (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံအနှံ့လက်ရှိကျင်းပနေတဲ့ သာဘာပေါင်းစုံဆုတောင်းပွဲတွေကို ထိန်းကျောင်းဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က အရေးကြီးအဆိုတင်သွင်းဖို့ ကြိုးစားရာမှာ ပယ်ချခံခဲ့ရပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ  လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အဆိုတင်သွင်းဖို့ ကြိုးစားရာမှာ လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုခဲ့တာလို့  ဦးသောင်းအေးက မီဒီယာတွေကိုပြောပါတယ်။

“လွှတ်တော် ကျင်းပနေတဲ့အချိန်မှာ တင်ရမယ်။ ဥက္ကဋ္ဌကို တိုက်ရိုက်တင်ရမယ်။ တင်တဲ့အခါမှာ ဥက္ကဋ္ဌက အရေးကြီးအဆိုကို တင်သွင်းတဲ့အခါမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် အဲဒီနေ့မှာ တင်သွင်းခွင့် ပေးရပါတယ်။ အခုက တင်သွင်းခွင့်မပေးလို့ စောင့်နေတာ။ ဘာဖြစ်လို့များလဲလို့။ ခွင့်မပြုဘူးဆိုတဲ့ အကြောင်းပဲ ရပါတယ်။ ဒီ့ပြင်အကြောင်းအရင်းတွေ ကတော့ သူတို့မှာ ပြောပိုင်ခွင့် မရှိပါဘူး။ ဘယ်နည်းနဲ့ လုပ်ရမလဲဆိုတာတော့ စဉ်းစားရမှာ ပေါ့လေ။ မီဒီယာတွေလည်း ဝိုင်းစဉ်းစားပေးစေချင်တယ်။ ဘာသာ သာသနာနဲ့ ပတ်သက်တာထက် တိုင်းပြည်မှာ ဆူပူမှုတွေ၊ လမ်းလွဲမှုတွေ ဖြစ်သွားမှာ သိပ်စိုးရိမ်တယ်။ ဘာသာ သာသနာ ဆိုတာကလည်း တော်တော်ထိခိုက်လွယ်တဲ့အရာ ဖြစ်တယ်။”လို့ပြောပါတယ်။

လတ်တလောကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေး ရောသလိုဖြစ်နေပြီး ဒါကို အစိုးရက မထိန်းပေးဘူးဆိုရင် မမျှော်မှန်းနိုင်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေးကပြောပါတယ်။

“အခု ရခိုင်မှာ ဖြစ်တဲ့ ပြဿနာမှာလည်း မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာပဲ ပုံဖော်နေတာရှိတယ်။ ဒီမှာလည်းပဲ ဘာသာပေါင်းစုံက တိုင်းပြည်မှာ  ညီညွတ်ပါတယ်။ ဘာသာပေါင်းစုံ အဖွဲ့အစည်းဆိုတာလည်း ရှိပြီးသားပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးပွဲ သွားလုပ်လိုက်တော့ ဘာသာရေးနဲ့ နိုင်ငံရေး သွားရောလိုက်သလို ဖြစ်သွားတယ်။ ဗုဒ္ဓဘာသာရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ယဉ်ကျေးမှုတွေ ရှိတယ်လေ။ အနန္တောအနန္တငါးပါး ဂိုဏ်းဝင်တွေဆိုတဲ့ ယဉ်ကျေးမှုတွေ ရှိတယ်။ ဒီယဉ်ကျေးမှုတွေကို လွဲမှားပြီးတော့ အခမ်းအနား လုပ်တဲ့လူတွေရဲ့ အမှားလို့ ယူဆပါတယ်။ ဒါပေမယ့် အများအမြင်မှာ ကြည့်လိုက်တော့ ဘာသာ သာသနာကို နှိမ်ချတယ်။ ဘာသာသာသနာကို ပျက်ပြားအောင် လုပ်တယ်ဆိုတဲ့ ဒီလိုအသံတွေ ထွက်လာတယ်။ မနေ့ကပဲ လူမှုကွန်ရက်တွေကို ထိန်းသိမ်းပေးဖို့ အဆိုရှိတယ်လေ။ ဒါတွေကတော့ အတုမဟုတ်ဘူး။ အမှန်တရားတွေ ဖြစ်နေတဲ့အတွက် ဒါကို အစိုးရက လုပ်ပါ၊ မလုပ်နဲ့လို့ မပြောလိုဘူး။ သို့သော်လည်း သူ့ဝိနည်း၊ သူ့ယဉ်ကျေးမှု၊ သူ့ကျင့်စဉ်ပေါ့နော်။ ဒါလေးတွေနဲ့ သွားသင့်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ ဒါလေးတွေကို ထိန်းသိမ်းသင့်တယ်ဆိုပြီးတော့ အဘတို့က ကောင်းတဲ့အမြင်ကနေ ပြောပေးတာပါ။ ဒီလို အရေးကြီးအဆိုတင်တာမှ အစိုးရက မထိန်းပေးဘူးဆိုရင် ဒါက မမျှော်မှန်းနိုင်တာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ အရေးကြီးအဆိုကို တင်သွင်းတာပါ။”

ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တွေ ဖြစ်ပွားပြီးနောက် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအပေါ် အပြင်းအထန်ဝေဖန်နေချိန်မှာ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲတွေ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ နိုင်ငံတ၀န်းဆက်တိုက် ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013