DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုး တောင်တက်ကေဘယ်ကားများ စမ်းသပ်မောင်းနှင်
DVB
·
October 26, 2017
ကျိုက်ထီးရိုး တောင်တက်ကေဘယ်ကားများ စမ်းသပ်မောင်းနှင်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတွင် Sky Asia ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေတဲ့ ကေဘယ်ကားစီမံကိန်းကို ဒီဇင်ဘာဆန်းပိုင်းမှာ ဖွင့်လှစ် ပြေးဆွဲနိုင်ဖို့အတွက် အောက်တိုဘာလ ၂၄ ရက်က စတင် စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ ကေဘယ်ကားစီမံကိန်းရုံးက သိရပါတယ်။

Sky Asia ကုမ္ပဏီမှ အထူးအကြံပေး ဦးမျိုးဝေက “လုပ်ငန်းအနေနဲ့ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ တွဲဆိုင်းအားလုံး ၄၃ ဆိုင်းကို တပ်ဆင်ထားပါတယ်။။ အောက်တိုဘာ ၂၄ ရက်က စမ်းသပ်ပြီး မောင်းနှင်နေပါတယ်။ နိုဝင်ဘာလဆန်းလောက်ကျရင် လူတဦးရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ သဲအိတ် ၈ အိတ် တင်ပြီးတော့ အကြိမ်ကြိမ်အခါခါ စမ်းသပ်မောင်းနှင်သွားပြီး ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ ဖွင့်လှစ်သွားမှာပါ" လို့ ပြောပါတယ်။

ရသေ့တောင်စခန်းမှ ရင်ပြင်တော် အနီးစခန်းအထိ ပြေးဆွဲမယ့် ကေဘယ်ကား ပြေးဆွဲရေး စီမံကိန်းလုပ်ငန်းရဲ့ တပ်ဆင်စမ်းသပ်တဲ့ လုပ်ငန်းမှာလည်း ပြင်သစ်၊ ကိုရီးယားနဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ ပူးပေါင်းပြီး စနစ်တကျ စစ်ဆေးသွားမှာဖြစ်ပြီး လုံခြုံစိတ်ချတဲ့ အဆင့် ရောက်မှသာ ဖွင့်ပွဲပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ကေဘယ်စီးနင်းခကိုလည်း ပြည်တွင်းဘုရားဖူး တဦးကို ငွေကျပ် ၃၀၀၀ ကျပ်၊ ပြည်ပ ဘုရားဖူးတဦးကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနဲ့ အာမခံအတွက် ကျသင့်ငွေကို ပေးရမှာ ဖြစ်ပြီး လက်မှတ်အရောင်းစနစ်ကို ကွန်ပျူတာစနစ်နဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့ စီမံကိန်းရုံးက သိရပါတယ်။

Sky Asia ကုမ္ပဏီမှ ကေဘယ်ကား ပြေးဆွဲရေးစီမံကိန်းကို အမေရိကန် ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေပြီး ကျိုက်ထီးရိုး ဘေးမဲ့တောနယ်မြေမှ မြေဧက ၁၃ ဒသမ ၅ ဧကကို နှစ်ရှည်ငှားရမ်းစာချုပ်နဲ့ ငှားရမ်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။၊ တွဲဆိုင်းပေါင်း ၄၃ တွဲ ချိတ်ဆွဲပြီး အရန် ၁ တွဲ ထားရှိကာ ၁ တွဲလျှင် လူ ၈ ဦး စီးနင်းနိုင်တယ်လို့ ခရီးစဉ် အစအဆုံး ၁၀ မိနစ်သာ ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကေဘယ်ကားစီမံကိန်းလုပ်ငန်းမှာ တာဝန်ထမ်းဆောင်ကြမယ့် လုံခြုံရေးများ၊ ဆရာဝန်၊ သူနာပြုတွေနဲ့ တခြားလိုအပ်တဲ့ ဝန်ထမ်းအဆင့်ဆင့်ကိုလည်း စိစစ်ရွေးချယ်ထားပြီးဖြစ်ကာ နိုဝင်ဘာလ ပထမအပတ်တွင် ဝန်ထမ်းခန့်အပ်သွားမှာ ဖြစ်ပြီး ကေဘယ်ကားစီး ခရီးသည်တွေအတွက် အသက်အာမခံထားရှိရေးကိုလည်း ကမ္ဘောဇဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်" လို့ ဦးမျိုးဝေက ပြောပါတယ်။

Sky Asia ကုမ္ပဏီရဲ့ ကေဘယ်ကား ပြေးဆွဲရေး စီမံကိန်းဟာ ကျိုက်ထီးရိုးတောင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်မျိုးစုံ ၅၀၀၀ ပင်ကို စိုက်ပျိုးထားပြီး ကျိုက်ထီးရိုး စေတီတော်နယ်မြေ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ကား ၂ စီး ဝယ်ယူရန် ငွေကျပ်သိန်း ၆၀၀ ကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အောက်တိုဘာလ ၁၀ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - Sky Asia Co.Ltd

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013