DVB Logo
Home
မြန်မာသတင်း
အရှုံးပေါ်၍ ရပ်ဆိုင်းထားသည့် ဓာတ်မြေသြဇာစက်ရုံများကို စာရင်းရှင်းဖျက်သိမ်းနေ
DVB
·
October 26, 2017
အရှုံးပေါ်၍ ရပ်ဆိုင်းထားသည့် ဓာတ်မြေသြဇာစက်ရုံများကို စာရင်းရှင်းဖျက်သိမ်းနေ
Donate to DVB

ကုန်းတွင်းသဘာဝဓာတ်ငွေ့ထွက်ရှိမှု ပမာဏ ကျဆင်းလာလို့ ကုန်ကြမ်းမရဘဲ အရှုံးပေါ် ရပ်ဆိုင်းထားရတဲ့ ဓာတ်မြေသြဇာစက်ရုံတွေကို စာရင်းရှင်း ဖျက်သိမ်းနေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ ကျောက်တံတားအမတ် ဦးနေမျိုးထက်က အရှုံးပေါ် ရပ်ဆိုင်းထားတဲ့ ဓာတ်မြေသြဇာစက်ရုံတွေကို ပြန်လည်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေတာ ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ဒု-ဝန်ကြီးက လာရောက်ဖြေကြားသွားတာပါ။

ရေနံမြေတွေမှ ကုန်းတွင်းသဘာဝဓာတ်ငွေ့ထွက်ရှိမှု ပမာဏ ကျဆင်းလာလို့ ကျွန်းချောင်းအမှတ် ၂ ဓာတ်မြေဩဇာစက်ရုံကို ၂၀၀၉ မေ ၃၁ ရက်နေ့မှာလည်းကောင်း၊ ကျော်စွာ အမှတ် ၃ ဓာတ်မြေဩဇာစက်ရုံကို စက်တင်ဘာ ၇ ရက်နေ့မှာလည်းကောင်း ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံ ၂ ခုရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၃၅ နှစ်ကျော်ကြာမြင့်ပြီး ကုန်းတွင်း သဘာဝဓာတ်ငွေ့ထွက်ရှိမှု ကျဆင်းလာလို့ ဓာတ်မြေဩဇာထုတ်လုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်း မရတဲ့အတွက် စက်ရုံတွေကို ရပ်ဆိုင်းထားရတာဖြစ်တယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဓာတ်မြေဩဇာတွေကို ပြန်လည်ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေခြင်း မရှိကြောင်းနဲ့ စက်ရုံ ၂ ရုံအား စာရင်းရှင်းလင်း ဖျက်သိမ်းရေး ဆောင်ရွက်နေကြောင်း ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်မှာ ပြောသွားပါတယ်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရဲ့ လက်အောက်မှာ ဓာတ်မြေသြဇာစက်ရုံ ၅ ရုံရှိရာမှာ အမှတ် ၂ ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း) ကို ၁၉၆၈ ခုနှစ်မှာ ဂျာမနီနိုင်ငံ Pintsch Bamag ကုမ္ပဏီနဲ့ စတင်တည်ဆောက်ခဲ့ပြီး ကျောက်ခွက်၊ အရာတော်၊ သာကြီးတောင် ရေနံမြေတို့မှ ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ် ရယူအသုံးပြု လည်ပတ်ခဲ့ရာမှာ တရက် ဓာတ်မြေသြဇာ ၂၀၇ တန်ခန့် ထုတ်လုပ်နိုင်ခဲ့ကာ သက်တမ်း ၄၉ နှစ် ကြာမြင့်ခဲ့ပါတယ်။

အမှတ် ၃ ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) ကို ၁၉၈၂ ခုနှစ်မှာ ဂျာမနီနိုင်ငံ UHDE GmbH ကုမ္ပဏီနဲ့ စတင်တည်ဆောက်ခဲ့ပြီး ပြည်ရေနံမြေမှ ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ် ရယူအသုံးပြု လည်ပတ်ခဲ့ပြီး တရက်ကို ဓာတ်မြေသြဇာတန် ၆၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ကာ သက်တမ်း ၃၅ နှစ် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013