DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအမျိုးသမီးတဦးအား သတ်၍ ပစ္စည်းယူသူကို ဖမ်းဆီးရမိ
DVB
·
October 26, 2017
မဲဆောက်တွင် မြန်မာအမျိုးသမီးတဦးအား သတ်၍ ပစ္စည်းယူသူကို ဖမ်းဆီးရမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာအမျိုးသမီး မသီသီဝင်း (၄၀ နှစ်) အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မသီသီဝင်းကို သတ်ဖြတ်ပြီး လက်ဝတ်တန်ဆာ လုယူသွားသူမှာ သူတို့အသိဖြစ်တဲ့ သုံးဘီးမောင်းသမား မြန်မာနိုင်ငံသား ခင်မောင်လေး ဖြစ်တယ်လို့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ကိုမင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လူသတ်သမားကို ဖမ်းမိပြီဆိုပြီး ရဲတွေက ၂၃ ရက်နေ့ ညနေပိုင်းက လာပြောတယ်ခင်ဗျ။ ဓာတ်ပုံတွေပြတော့ ကျနော်တို့အသိထဲကပဲ ဖြစ်နေတာ။ အံ့သြတာပေါ့။ သူ့နာမည်က ခင်မောင်လေး၊ သုံးဘီးမောင်းတာ၊ အရင်တုန်းက တရပ်ကွက်တည်း၊ ခုမှ တခြားရပ်ကွက် ပြောင်းသွားတာ။ သူနဲ့သိတာ လေးငါးခြောက်နှစ်ရှိပြီ။ သူ့မှာလည်း မိန်းမနဲ့ ကလေးရှိတယ်။ သူက သုံးဘီးမောင်းတော့ ကျနော်တို့လိုအပ်ရင် သူ့ကားပဲ စီးနေကျခင်ဗျ။ အဲဒီနေ့ကလည်း ကျနော့်အမျိုးသမီးက လဝကရုံးသွားဖို့ သူ့သုံးဘီးကိုပဲ အသွားရောအပြန်ရော စီးတာ၊ သူက ဖဲရှုံးလို့ ပိုက်ဆံလိုလို့ အဲလိုလုပ်ရတာလို့ ပြောတယ်။ သူလုပ်ထားတဲ့အပြစ်တွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျခံစေချင်ပါတယ်။ ကျနော့်အမျိုးသမီးကိုတော့ မနေ့ညနေကပဲ သင်္ဂြိုဟ်လိုက်ပြီ။ ကျနော်တို့မိသားစုအတွက်တော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးပါခင်ဗျာ။”

သူနဲ့ မသီသီဝင်းတို့ဟာ ပဲခူးတိုင်း ကဝမြို့နယ်က တရွာတည်းသားတွေဖြစ်ပြီး အိမ်ထောင်သက် ၁၆ နှစ်ရှိကာ သားတယောက်၊ သမီးတယောက်ရှိကြောင်း၊ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဝင်ရောက်လာကာ လက်ရှိ လက်သမားအလုပ် လုပ်နေတယ်လို့ ကိုမင်းနိုင်က ပြောသွားပါတယ်။

လူသတ်သမားကို ဖမ်းမိပြီးတဲ့နောက် မနေ့ နေ့ခင်း ၁၂ နာရီမှာ ထိုင်းရဲတွေက ခင်မောင်လေးကို အခင်းဖြစ်တဲ့နေရာ ခေါ်သွားပြီး သူကျူးလွန်ခဲ့တဲ့ပုံစံတွေ ပြန်ပြီး သရုပ်ပြခိုင်းခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၂ ရက် ညပိုင်းက မဲဆောက်မြို့ နောင်ကိန်ဖာ့ရေကန်အနီး တောစပ်နားမှာ မသီသီဝင်းရဲ့အလောင်းကို တွေ့ပြီးတဲ့နောက် ရဲတွေက စီစီတီဗွီကင်မရာတွေ ပြန်လည်စစ်ဆေးရာ မသီသီဝင်းဟာ ခင်မောင်လေး (၂၉ နှစ်) ရဲ့ သုံးဘီးနောက် လိုက်သွားတာ တွေ့ရတဲ့အတွက် ခင်မောင်လေးကို ခေါ်ယူစစ်ဆေးပြီး သူကလည်း လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေ့က လဝကရုံးကအပြန် မသီသီဝင်းရဲ့ လက်ဝတ်လက်စားတွေတွေ့တော့ သူလည်း ဖဲရှုံးထားပြီး ငွေလိုနေတာနဲ့ လောဘစိတ်ဝင်မိကြောင်း၊ အဲဒီနောက် မသီသီဝင်းကို ဖြတ်လမ်းကနေခေါ်လာပြီး တောစပ်ထဲ ဆွဲခေါ်ခဲ့ကြောင်း၊ တောစပ်မှာ သူမကို ပါးရိုက်၊ လည်ပင်းညှစ်ကာ မသီသီဝင်း မေ့လဲသွားတော့မှ ပိုက်ဆံအိတ်နဲ့ လက်ဝတ်လက်စားတွေ ချွတ်ယူခဲ့ကြောင်း၊ တယ်လီဖုန်းကတော့ ရဲတွေ ခြေရာခံမိမှာစိုးလို့ မယူရဲဘဲ အနီးနားရှိ ခြုံထဲကို လွှင့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူမကို နောက်တနေရာဆွဲလာပြီး သေဆုံးတာ ပိုသေချာအောင် တုတ်နဲ့ထပ်ရိုက်ခဲ့ကြောင်း၊ မုဒိမ်းမှုကိုတော့ မကျူးလွန်ခဲ့ရဘူးလို့ ငြင်းဆိုသွားပါတယ်။

ဒီအမှုမှာ အသတ်ခံရသူရော၊ လူသတ်တရားခံပါ မြန်မာနိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် ပြစ်မှုသရုပ်ပြဖြစ်စဉ်ကို မြဝတီဘက်ခြမ်းက မြန်မာရဲတပ်ဖွဲ့ပါ လာရောက်ကြည့်ရှုပြီး ကျူးလွန်သူကို လူသတ်မှု၊ ပစ္စည်းလုမှု၊ အလောင်းဖျောက်မှုတွေနဲ့ အရေးယူသွားမယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013