DVB Logo
Home
Lead Story
မျက်စိကင်ဆာ ရောဂါတမျိုး
DVB
·
October 26, 2017
မျက်စိကင်ဆာ ရောဂါတမျိုး
Donate to DVB

 

 

ကျနော့် ဆေးခန်းအတွင်းသို့ အသက် ၃ဝ ကျော် အမျိုးသမီးတယောက်နှင့် အသက်ငါးနှစ်အရွယ်ခန့်ရှိ ကလေးမလေးတယောက် ဝင်လာကြပါသည်။

“ဆရာကြီး၊ ကျမ သမီးလေးရဲ့ ဘယ်ဘက်မျက်စိ သူငယ်အိမ်ပေါက်ထဲမှာ ဖြူနေပါတယ်။ အဲဒါ ဆရာကြီးဆီ လာပြတာပါ။ ဆရာကြီး စစ်ဆေးကြည့်ပါဦး”

အမျိုးသမီးကြီးက ရှင်းပြပါသည်။

ကျနော် ကလေးမလေးကို မျက်စိ စမ်းသပ် စစ်ဆေးသည့် အဏုကြည့် မှန်ဘီလူးရှေ့မှာ ထိုင်ခိုင်းပြီး စစ်ဆေးကြည့်ရှုပါသည်။

ကလေးမလေး၏ ညာဘက်မျက်စိမှာ အားလုံး ကောင်းမွန်ပါသည်။ ဘယ်ဘက် မျက်စိအနေနှင့် မျက်စိ၏ ရှေ့ပိုင်း အစိတ်အပိုင်းအားလုံး ကောင်းမွန်နေပါသည်။ သူငယ်အိမ်ပေါက်မှ မျက်စိနောက်ဘက်ကို စစ်ဆေးသည့်အချိန်တွင် သဘာဝမှန်ဘီလူးအနေနှင့် ကြည်လင်နေသော်လည်း မှန်ဘီလူး၏ နောက်ဘက်တွင် ဖြူနေသည်ကို မြင်နေရပါသည်။

ကလေး၏ မြင်နိုင်စွမ်းအားကို စစ်ဆေးကြည့်သည့်အချိန်တွင် ညာဘက်မျက်စိ အနေနှင့် ပုံမှန်အနေအထားအတိုင်း မြင်နိုင်စွမ်း ရှိနေသော်လည်း ဘယ်ဘက်မျက်စိမှာ မီးရောင်ကို မြင်နိုင်သည့် အဆင့်လောက်ပဲ ရှိပါသည်။

ကျနော် မျက်စိစမ်းသပ် စစ်ဆေးပြီးသည့်အချိန်တွင် ကလေးအမေက မေးပါသည်။

“ကျမ သမီးလေး မျက်စိရောဂါက အရေးကြီးသလား ဆရာကြီး”

“အခုလိုအရွယ်မှာ သဘာဝမှန်ဘီလူးရဲ့ နောက်ဘက်မှာ ဖြူနေတာဟာ အရေးကြီးတယ်”

“ဘာကြောင့်များ အဲဒီလိုဖြူနေတာလဲ ဆရာကြီး”

“သဘာဝမှန်ဘီလူးရဲ့ နောက်ဘက်မှာ အဲဒီလို ဖြူနေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းရင်းတွေမှာ အရေးကြီးတဲ့ရောဂါတခု ရှိနေပါတယ်”

“ဘယ်လို ရောဂါများလဲ ဆရာကြီး”

“မျက်စိအထဲက အမြင်အာရုံခံလွှာမှာ ဖြစ်တတ်တဲ့ ကင်ဆာတမျိုးက အရေးကြီးတယ်''

“ကင်ဆာဆိုတာ လူကြီးတွေမှာပဲ ဖြစ်တတ်တယ် ထင်တာ။ အခုလိုအရွယ် ကလေးတွေမှာလည်း ဖြစ်တတ်တာလား ဆရာကြီး”

“ယေဘုယျအနေနဲ့ကတော့ ကင်ဆာဆိုတာ အသက်အရွယ် ကြီးတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။ ဒါပေမယ့် မျက်စိရဲ့အမြင် အာရုံခံလွှာ Retina ဖြစ်တဲ့ Retinoblastoma ခေါ်တဲ့ ကင်ဆာရောဂါတမျိုးကတော့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။

တချို့ကလေးတွေဆိုရင် ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဘဝကတည်းက ရောဂါစဖြစ်နေပြီး မွေးလာကတည်းက ကင်ဆာရောဂါနဲ့ မွေးလာတဲ့ကလေးတွေ ရှိပါတယ်။ Retinoblastoma ခေါ်တဲ့ အမြင်အာရုံခံလွှာမှာ ဖြစ်တတ်တဲ့ ကင်ဆာဟာ များသောအားဖြင့်တော့ မွေးကင်းစ ကလေးငယ်ကစပြီး သုံးနှစ်သားမတိုင်မီမှာ ရောဂါရှိနေကြောင်း စသိရပါပြီ။ တချို့ ကလေးတွေကျတော့ ငါးနှစ်၊ ခြောက်နှစ် အရွယ်တွေမှာလည်း ဖြစ်တတ်တာလည်း ရှိပါတယ်။ ဒါ့ကြောင့် ငါးနှစ်၊ ခြောက်နှစ် အရွယ်ရောက်နေပေမယ့် သဘာဝမှန်ဘီလူးရဲ့ နောက်ဘက်မှာ ဖြူနေရင် အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အမြင်အာရုံခံလွှာ ကင်ဆာကို အဓိကထား စဉ်းစားပြီး ဟုတ်၊ မဟုတ်ကို သေချာအောင် စစ်ဆေးရတယ်”

“အမြင်အာရုံလွှာမှာ ကင်ဆာဖြစ်တဲ့ ကလေးတွေ တော်တော်များသလား ဆရာကြီး”

“မျက်စိ အမြင်အာရုံခံလွှာမှာ ဖြစ်တဲ့ ကင်ဆာရောဂါမျိုးက သုတေသီတွေရဲ့ အဆိုအရ ကလေး ၁၅,ဝဝဝ အရှင်မွေးတိုင်း တယောက်လောက် ပါတယ်လို့ ဆိုပါတယ်။ အသေမွေးတဲ့ ကလေးတွေကိုတော့ ထည့်တွက်မထားဘူး”

“အမြင်အာရုံလွှာကင်ဆာဟာ မျက်လုံးတဖက်ကနေပြီး နောက်တဖက်ကို ကူးတတ်သလား ဆရာကြီး”

“သာမန်အားဖြင့်တော့ မျက်လုံး တဖက်ကနေပြီး နောက်တဖက်ကို မကူးတတ်ပါဘူး။ ဒါပေမယ့် ရောဂါဖြစ်တဲ့ ကလေးတွေရဲ့ ၂၅ ရာခိုင်နှုန်းကနေပြီး ၃ဝ ရာခိုင်နှုန်းလောက် အထိမှာတော့ မျက်စိနှစ်ဖက်လုံးမှာ ရောဂါဖြစ်တတ်ပါတယ်။ မျက်စိတဖက်နဲ့ တဖက် ဆက်နွှယ်မှုမရှိဘဲ မျက်လုံးတဖက်စီမှာ သီးခြားစီ ရောဂါဖြစ်တတ်ပါတယ်။ ရောဂါ ဖြစ်ပေါ်လာတာဟာလည်း မျက်စိတဖက်နဲ့ တဖက် တပြိုင်တည်း မဖြစ်ပေါ်ဘဲ မျက်စိတဖက်မှာ အရင်ဖြစ်ပြီးမှ နောက်တဖက်မှာ သီးခြားဖြစ်ပေါ်လာတတ်ပါတယ်။ ရောဂါအရွယ်အစား အနေနဲ့လည်း တဖက်နဲ့တဖက် အရွယ်အစား မတူတတ်ပါဘူး”

“ဒီအတိုင်းဆိုရင် သမီးလေးမျက်စိက စိုးရိမ်စရာ ကောင်းတာပေါ့နော်”

“'အဲဒီလောက်လဲ မစိုးရိမ်ပါနဲ့ဦး။ အဲဒီလို သဘာဝမှန်ဘီလူး နောက်ဘက်မှာ ဖြူနေတာဟာ အမြင်အာရုံခံလွှာကင်ဆာ ရောဂါကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းတွေကြောင့် ဖြူနေတာဆိုရင် အသက်အတွက် ဘာမှ အန္တရာယ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သမီးလေးရဲ့ မျက်စိကို အခုခေတ် တီဗွီဓာတ်မှန်ခေါ်တဲ့ Ultrasound ရိုက်ကြည့်မယ်။ အဲဒီတီဗွီ ဓာတ်မှန်ရိုက်ပြီးရင်တော့ အမြင်အာရုံခံလွှာ ကင်ဆာ ဟုတ်၊ မဟုတ် သိနိုင်ပါတယ်”

ကျနော် တီဗွီဓာတ်မှန်ရိုက်သည့် နေရာသို့ စာရေးပေးလိုက်ပါသည်။

နာရီဝက်ခန့်ကြာသည့်အချိန်တွင် တီဗွီဓာတ်မှန် ဓာတ်ပုံလေးကိုင်ပြီး သားအမိ နှစ်ယောက် ပြန်ရောက်လာကြပါသည်။

ကျနော် သူတို့ကိုင်လာသည့် တီဗီဓာတ်မှန် ဓာတ်ပုံလေးကို တောင်းယူ ကြည့်ရှုသည့် အချိန်တွင် အမြင်ဆိုင်ရာ အာရုံကြောလွှာတွင် ကင်ဆာရောဂါ ရှိမနေဘဲ အခြား အသက်အန္တရာယ် မဖြစ်နိုင်သည့် ရောဂါတခုကြောင့် သဘာဝမှန်ဘီလူး နောက်ဘက်တွင် ဖြူနေကြောင်း သိရှိရပါသည်။

“ဝမ်းသာစရာပဲ။ သမီးလေး မျက်စိရောဂါဟာ အမြင်ဆိုင်ရာ အာရုံကြောလွှာမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ မဟုတ်ဘူး”

“ဒါကြောင့် ဘာမှ အသက်အန္တရာယ်  မရှိနိုင်ဘူး။ အဲဒီတော့ သမီးလေး မျက်စိ ရောဂါနဲ့ဆိုင်တဲ့ မျက်စဉ်းတွေ၊ စားဆေး တွေ ဆရာ ညွှန်ပေးလိုက်မယ်။ မကြာမ ကြာတော့ သမီးလေး မျက်စိကို ပြန်စစ်ကြည့်တာပေါ့”

“ကင်ဆာ မဟုတ်ဘူး၊ အသက်အန္တရာယ် မရှိဘူးဆိုတာကိုပဲ ဝမ်းသာလိုက်တာ ဆရာကြီးရယ်။ မျက်စိပြန်မြင်တယ်၊ မမြင်ဘူး ဆိုတာတော့ သမီးလေး ကံပေါ့''

သူတို့ သားအမိနှစ်ယောက် ဝမ်းသာအားရဖြင့် ကျနော့်ကို နှုတ်ဆက်ပြီး ဆေးခန်းမှ ပြန်ထွက်သွားကြပါသည်။

ဒေါက်တာမင်းသိမ်း

(မျက်စိခွဲစိတ် အထူးကုဆရာဝန်ကြီး)

(ရွှေဘုံသာမျက်စိအထူးကုဆေးခန်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013