DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ဈေးနှင့် ပွဲရုံများအား အလေးချိန်မှန်မမှန် ရှောင်တခင် စစ်ဆေး
DVB
·
October 26, 2017
မကွေးမြို့ဈေးနှင့် ပွဲရုံများအား အလေးချိန်မှန်မမှန် ရှောင်တခင် စစ်ဆေး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဈေးတွေကို အောက်တိုဘာ ၁၄ ရက်ကနေ ၂၅ ရက်အထိ မမှန် အလေး၊ တင်းတောင်း၊ ကတ္တားတွေ ရောင်းဝယ်ခြင်း ရှိ မရှိ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက “စစ်ဆေးတဲ့နေရာမှာ ကျေနပ်အားရတယ်။ ဒစ်ဂျစ်တယ်တွေ ဆိုရင်လည်း မြို့မဈေးကြီးမှာဆို တလုံးမှ မတော်တာ လုပ်ထားတာ မတွေ့ရဘူး။ ချိန်ခွင်အလေးတွေမှာတော့ တချို့က တပိဿာမှာဆို ၇ ကျပ်သားလောက်ထိ လိုတာတွေ့ရတယ်။ ရန်ပယ်ဈေးမှာတော့ ပြည်တောင်းပြဿနာ နည်းနည်းရှိတယ်။ တပြည်မှာ ခုနစ်လုံးခွဲသာသာ ဆိုင်တွေ တွေ့ရတယ်။ အလေးချိန်ခွင်၊ ဒစ်ဂျစ်တယ် စံမပြည့်တဲ့ဆိုင်တွေကို သတိပေးစာ ထုတ်ထားတယ်။ ပွဲရုံတွေကို စစ်တဲ့အတွက်လည်း အလေးချိန်နဲ့ပတ်သက်ပြီးတော့ တောင်သူတွေ စိတ်ချလက်ချ ဖြစ်လာပါလိမ့်မယ်” လို့ ပြောပါတယ်။
အလေးချိန်ခွင်၊ တင်းတောင်း၊ ကတ္တားစတဲ့အတိုင်းအတာတွေ ပုံမှန်စံကိုက် သုံးစွဲရောင်းဝယ်မှုပြုရေး၊ အငြင်းပွားမှု တစုံတရာမရှိစေရေး၊ အငြင်းပွားမှုပေါ်ပေါက်လာပါက အလွယ်တကူ ဖြေရှင်းနိုင်ရေးတို့အတွက် မကွေးမြို့ပေါ်ရှိ ဈေး ၆ ဈေး၊ ပွဲရုံအကြီးအသေး ၃၀၀ ကျော်နဲ့ ကုန်စုံဆိုင်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဆေးရေးအဖွဲ့ဝင်တဦး က ပြောပါတယ်။
“ဒီလိုစစ်လိုက်တော့ ရောင်းသူ ဝယ်သူ နှစ်ဦးလုံးမှာ ယုံကြည်တဲ့ ဆက်ဆံရေး ဖြစ်သွားတာပေါ့။ အရင်တုန်းကတော့ ဝယ်ရင် ရောင်းရင် အလေးက မှန်မှမှန်ပါ့မလား။ သံသယတွေ ရှိကြတာပေါ့။ ပြည်သူတွေဘက်ကလည်း ဒါမျိုး ခဏခဏ စစ်ပေးရမှာဆိုတဲ့ အသံတွေလည်း ကြားရတယ်လေ။ ရှောင်တခင် စစ်နေတာဆိုတော့လည်း ဘယ်သူမှ မဟုတ်တာ မလုပ်ရဲတော့ပါဘူး” လို့ ဦးဖိုးနီက ဆိုပါတယ်။
အောက်တိုဘာလအတွင်း စတင်လုပ်ဆောင်တဲ့ စစ်ဆေးမှုများတွေမှာ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ အောင်မင်္ဂလာရပ်ကွက်နဲ့ အောင်ရတနာ ရပ်ကွက်အတွင်းက ပွဲရုံတွေကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်တွေကလည်း ပူးပေါင်းဆောင်ရွက် ခဲ့တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုက ပြောပါတယ်။
သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013