DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်း ၃၁ ကျောင်း၌ အွန်လိုင်းအသုံးပြု Tablet များဖြင့် ပညာသင်ကြားပေးနေ
DVB
·
October 26, 2017
စာသင်ကျောင်း ၃၁ ကျောင်း၌ အွန်လိုင်းအသုံးပြု Tablet များဖြင့် ပညာသင်ကြားပေးနေ
Donate to DVB

မြန်မာနိုင်ငံမှာ Tablet နဲ့ ပညာသင်ကြားနေတဲ့ စာသင်ကျောင်း ၃၁ ကျောင်းရှိပြီး အခြေခံပညာဦးစီးဌာန၊ Errison ကုမ္ပဏီ၊ Swedin Organization၊ ယူနက်စကိုတို့ ပူးပေါင်းကာ Connect to land (CTL) ပရောဂျက်ဖြင့် ပညာသင်ကြားပေးနေတယ်လို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ကျော်က “မန္တလေးတိုင်းမှာ ၁၇ ကျောင်း၊ မွန်ပြည်နယ်မှာ ၈ ကျောင်း၊ ပဲခူးမှာ ၆ ကျောင်းပါ။ တကျောင်းကို Tablet အလုံး ၁၀၀ ထောက်ပံ့ထားပေးတယ်။ Laptop က ၆ လုံးစီ၊ ပရိုဂျက်တာက ၃ လုံးစီ၊ အင်တာနက် Acess Point တွေလည်း ရှိတယ်။ မြို့နဲ့ နယ်နဲ့ နည်းပညာ ကွာဟမှု အားနည်းနေတဲ့အတွက် မြို့နဲ့ဝေးတဲ့ ဆင်ခြေဖုံးကျောင်းတွေကို ဦးစားပေးတဲ့သဘောပါ။ ယူနက်စကိုဘက်က နည်းပညာပိုင်း ထောက်ပံ့တယ်။ Errison က စက်ပစ္စည်းတွေ ထောက်ပံ့တယ်။ MPT ကတော့ အင်တာနက် ကော်နက်ရှင်ပေါ့” လို့ ပြောပါတယ်။

အဆိုပါ အထောက်အပံ့ ရရှိထားတဲ့ ကျောင်းတွေဟာ မန္တလေးတိုင်းဒေသကြီးမှာ ၁၇ ကျောင်း ထောက်ပံ့ပေးထားပြီး မိတ္ထီလာမြို့နယ်က အ.ထ.က (၅) ရှမ်းတဲ၊ သာစည်မြို့နယ် အ.ထ.က ရွှေလှံ၊ ပျော်ဘွယ်မြို့နယ်က အ.ထ.က ချော်ဖြူကုန်းနဲ့ အ.ထ.က (ခွဲ) အောင်သာ၊ မလှိုင်မြို့နယ်က အ.ထ.က မှရိုးနဲ့ အ.ထ.က ပန်းအိုင်၊ ညောင်ဦးမြို့နယ်က အ.ထ.က တောင်ဇင်းနှင့် အ.ထ.က ငါ့တစ်ယောက်၊ တောင်သာမြို့နယ်က အခြေခံပညာ အထက်တန်းကျောင်း ၄ ကျောင်းဖြစ်တဲ့ ဝဲလောင်၊ ရွာသစ်၊ တောင်သာနဲ့ လင်းစု၊ မြင်းခြံမြို့နယ်က အခြေခံပညာ အထက်တန်းကျောင်း ၃ ကျောင်းဖြစ်တဲ့ ခနောင်းတိုင်၊ ကတောနဲ့ ဆီမီးခုံ၊ နွားထိုးကြီး မြို့နယ်မှာ အ.ထ.က ရွာကြီးနဲ့ လုံးတော၊ တမန်းတော စတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်းကို ထောက်ပံ့ပေး ထားပြီး ပဲခူးမြို့နယ်က အ.ထ.က ထုံးကြီး၊ ကဝမြို့နယ်က အ.ထ.က ကဝ၊ ညောင်လေးပင် မြို့နယ်က အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်းဖြစ်တဲ့ အ.ထ.က (၁) ပြွန်တန်ဆာ၊ အ.ထ.က (၂) ပြွန်တန်ဆာ နဲ့ အ.ထ.က (ခွဲ) ချောင်းရင်း၊ ကျောက်ကြီးမြို့နယ်က အ.ထ.က မုန်း တို့ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး မင်းလဝီချမ်းက “တကယ်လို့ စက်ပျက်တာတို့၊ Error တက်တာတို့ဆိုရင် သက်ဆိုင်ရာ Organization တွေက လာပြင်ပေးတယ်။ အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက်ပါ။ သူတို့ကို သင်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေ လိုအပ်လို့ တကျောင်းကို ကျောင်းအုပ်အပါအဝင် ICT (Information and Communication Technology) သင်တန်းဆင်း ဆရာမ ၅ ယောက်ကို သင်တန်းတွေ ပေးထားပြီးသားပါ။ အဲဒီဆရာတွေကနေ ကျောင်းတွင်း ဆရာ၊ ဆရာမတွေကို ဆင့်ပွားပြန်သင်ပေးတယ်။ MPT ကလည်း စပွန်ဆာပေးထားတယ်။ ဆရာမတွေ သင်ခန်းစာတွေ သင်ဖို့ ဒေါင်းလော့ဆွဲတာတွေ၊ ချိတ်ဆက်ဖို့ လိုလာပြီးဆိုရင် အွန်လိုင်းနဲ့ သုံးရတယ်။ သူတို့ကတော့ အင်တာနက် ဝန်ဆောင်မှုပေးထားတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ အခြေခံပညာအထက်တန်းကျောင်း ၈ ကျောင်းကို ထောက်ပံ့ပေးထားပြီး ဘီးလင်းမြို့နယ်မှာ အ.ထ.က တောင်စွန်း၊ ပေါင်မြို့နယ်မှာ အ.ထ.က ဇင်းကျိုက်နဲ့ အ.ထ.က နတ်ကြီးချောင်၊ ချောင်းဆုံမြို့နယ်မှာ အ.ထ.က မုဒွန်းနဲ့ အ.ထ.က ကညှော်၊ ကျိုက်မရောမြို့နယ်မှာ အ.ထ.က တရနာနဲ့ အ.ထ.က (ခွဲ) ကော့သပ်၊ သံဖြူဇရပ်မြို့နယ်မှာ အ.ထ.က ကျိုက္ခမီ စတဲ့ ကျောင်း ၈ ကျောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013