
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ အစာအဆိပ်သင့်ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကို နမူနာပေးပို့ထားတယ်လို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်က လွိုင်ကော်အဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာ မိသားစု အာစရိယ ပူဇော်ပွဲနဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ကျွေးမွေးတဲ့ ကြက်ဆီထမင်းကိုစားပြီး ဖြစ်ခဲ့တာပါ။
စားခဲ့တဲ့သူ တော်တော်များများ အော့အန်တာ၊ ဝမ်းသွားတာကြောင့် ဆေးရုံကြီးမှာ ပြင်ပလူနာ အယောက် ၃၀ တက်ရပြီး အတွင်းလူနာအနေနဲ့ ၁၂ ယောက် တက်ခဲ့ရပါတယ်။
ပြည်နယ် တိုးချဲ့ကာကွယ်ဆေးထိုးနဲ့ ကူးစက်ဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ထွန်းနေဝင်းက “တခြား အပြင်ဆေးခန်းတွေမှာလည်းကုကြတယ်။ ဘယ်လောက်များလဲတော့ မသိဘူးပေါ့။ အစားအစာတွေကို ကျနော်တို့ သွားစစ်တော့ အပြင်ပန်းအမြင်အရ ကောင်းပါတယ်။ အဲဒီက ကြက်သားရယ်၊ အချဉ်သုပ်ရယ် အစာနမူနာယူတယ်။ ချက်ပြုတ်သူတွေရဲ့ လက်နဲ့ နှာခေါင်းက နမူနာအရည်တွေလည်း ယူပြီး ရန်ကုန်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကို ပို့ထားပါပြီ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အတွင်းလူနာ ၁၀ ယောက် ဆေးရုံက ဆင်းသွားခဲ့ပြီး ကျန်တဲ့သူတွေကလည်း သက်သာတယ်လို့ သိရပါတယ်။











