DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ခရိုင် တာလေတွင် မိုးသည်းထန်ရေကြီးပြီး စပါးခင်းများရေလွှမ်း
DVB
·
October 25, 2017
တာချီလိတ်ခရိုင် တာလေတွင် မိုးသည်းထန်ရေကြီးပြီး စပါးခင်းများရေလွှမ်း
Donate to DVB

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နားယောင်းကျေးရွာအုပ်စုထဲမှာ ယမန်နေ့က မိုးသည်းထန်ပြီး ချောင်းရေလျှံတဲ့အတွက် အနီးနားကျေးရွာရှိလယ်ကွင်းပေါင်း  ဧက ၃၀ကျော် ရေလွှမ်းမှုခံခဲ့ရပါတယ်။  

အောက်တိုဘာ ၂၃ ရက် ည ၉ နာရီလောက်က မိုးစတင်သည်းထန်တဲ့အတွက်  နောက်တနေ့မှာ ပါဆာချောင်း ရေလျှံကျကာ နားယောင်းကျေးရွာ အုပ်စုရှိ  တာကျန့်၊ ရန်ကင်း (၁) ၊ ဟွေခိုက်၊ ပန်ချီဟက်၊ နမ့်အွန် စတဲ့ကျေးရွာရှိ စပါးခင်းတွေထဲ ရေတွေ ၀င်ပြီး ရိတ်သိမ်းထားတဲ့ ကောက်လှိုင်းစည်းတွေရော၊ စပါးပင်တချို့ပါ ရေနဲ့မျောပါ ပျက်စီးသွားတယ်လို့ နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်က ပြောပါတယ်။

“မိုးက ၂ ကြိမ်ရွာတယ်ခင်ဗျ။ ၂၃ ရက်နေ့ညကရော ၂၄ ရက်  နေ့လည် ၁၂ နာရီလောက် မှာပါ ရွာလာလို့ ပါဆာချောင်းရေလျှံတာ၊ ရေကတောင်ကျချောင်းရေတွေပါတော့ ကျနော်တို့ဆီက ရိတ်သိမ်းပြီး လယ်ထဲမှာထားထားတဲ့ စပါးပုံတွေရော၊ ရိတ်သိမ်းပြီးတဲ့ ဟာတွေရော  ရေထဲမျောပါ သွားတယ်။ လက်ရှိ ကောက်ခံရရှိထားတဲ့ စာရင်းအရ ရေလွှမ်းခံရတဲ့ စပါးခင်းက ဧက ၃၀ လောက်ရှိပြီး စပါးပင်ပျက်စီးသွားတာကတော့ ၂ ဒသမ ၉ ဧကကျော် ၃ ဧက နီးပါး ရှိပါတယ်”

ဒါဟာ တာလေမြို့နယ်ထွေအုပ်ရုံးက လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းတွေသာဖြစ်ပြီး နောက်ထပ် ချောင်းရိုးတလျှောက် ခရီးသွားလာရေးခက်ခဲတဲ့  ဝေးလံတဲ့ ရွာက စာရင်းတွေတော့ မရသေးပါဘူး။  နားယောင်းကျေးရွာအုပ်စုမှာ ရွာပေါင်း ၄၁ ရွာရှိပြီး နှစ်စဉ်ရေကြီးလေ့ရှိပေမယ့် ဒီနှစ်က ပိုဆိုးတယ်လို့ ဒေသခံကဆိုပါတယ်။

ရေကြီးတဲ့နေရာကို မြို့နယ်မှူးနဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးသွားပြီး မနှစ်က ရေကြီးရာမှာတော့ စပါးတစ်ဧကကို ကျပ် ၁သာင်းစီ ကူညီပေးခဲ့ကြောင်း၊ သူတို့ဒေသမှာ စပါးအထွက်နှုန်း ၁ဧကကို ပျှမ်းမျှ တင်း ၈၀ မှ ၁၀၀ အထိထွက်ကြောင်း ၊ ဌာနဆိုင်ရာမှ အခုလိုရေကြီးပျက်စီးပြီးမှ ငွေကြေးနဲ့ ကူညီတာထက် ရေရှည်ကာကွယ်ဖို့ တာကျန့် ရွာအနီး အက်စ်ပုံစံကောက်နေတဲ့ ချောင်းရိုးကို ဖြောင့်အောင်ပြုပြင်ကာ ရေစီးရေလာကောင်းမွန်အောင် ပြုပြင်ပေးစေလိုကြောင်း  အုပ်စုမှူးက ပြောပါတယ်။

နားယောင်းကျေးရွာအုပ်စုတွင်း ရေကြီးမှုနဲ့ ပတ်သက်ပြီး စပါးပျက်စီးမှု ၂ ဒဿမ ၉ ဧက၊ ရေ၀င် ဧရိယာ ၃၁ ဒဿမ ၈ ဧက ရှိပြီး စုစုပေါင်း ၃၄ ဒဿမ ၇ ဧက ရေနစ်မြုပ်ကာ လိုအပ်တဲ့ အကူအညီပေးဖို့  ခရိုင်အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေနဲ့အတူ အဲဒီရွာဘက် သွားနေတယ်လို့  တာချီလိတ်ခရိုင်မှူး ဦးတင်ဝင်းရွှေ ကလည်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013