
ရခိုင်လက်နက်ကိုင်အဖွဲ့(အေအေ)က ဒုဗိုလ်မှူးကြီးအပါအဝင် ၉ ယောက်ကို ငွေကြေးခဝါချမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့က ရန်ကုန် သင်္ဃန်းကျွန်း မြို့မရဲစခန်းမှာ အမှု ဖွင့်လိုက်တာ ဖြစ်ပြီး ၅ ယောက်ကတော့ ဖမ်းမမိသေးပါဘူး။
တာမွေ ဦးထွန်းမြတ်လမ်းပေါ်မှာ မသင်္ကာဖွယ်ရပ်ထားတဲ့ ကားကို စစ်ဆေးခဲ့ရာက ရခိုင် လက်နက်ကိုင်အဖွဲ့ (အေအေ)က ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အောင်မြတ်ကျော် (ခ) ညီညီစိုး (ခ) မင်းခန့် (ခ) ညီညီ (၂၆) နှစ်ကို ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၇၂ တောင့်နဲ့ အတူ ၂၀၁၆ ဖေဖော်ဝါရီက ဖမ်းမိခဲ့တာပါ။
ဒါကြောင့် တာမွေမြို့မရဲစခန်းမှာ လက်နက်ပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့်စစ်ဆေးခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ကင်းဝန် ၄လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ ၂လမ်းနဲ့ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ရွှေကန်သာယာအိမ်ရာ နေအိမ်တွေက ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ စစ်သုံးသံလိုက်အိမ်မြှောင်တွေနဲ့ GPS တွေ၊ စစ်ဝတ်ပစ္စည်းတွေနဲ့ စိတ်ကြွ ဆေးပြား ၃၃၀,၈၀၀ ပြားကို ဖမ်းမိခဲ့တာလို့ ပြည်ထဲရေးကဆိုပါတယ်။
အဲဒီနောက် အောင်မြတ်ကျော်နဲ့အတူ ၉ ယောက်ကို ဒဂုံ-မြောက် မြို့မရဲစခန်း၊ သောင်ကြီး နယ်မြေရဲစခန်း၊ မြောက်ဥက္ကလာပမြို့မရဲစခန်းတွေမှာ လက်နက် ပုဒ်မ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အက်ဥပဒေ ပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ စတာတွေနဲ့ အမှု ထပ်ဖွင့် ခဲ့ပါတယ်။
အမှုမှာ ပါဝင်သူတွေဟာ ဒီအမှုတွေ ကျူးလွန်ပြီး ရလာတဲ့ အကျိုးအမြတ်တွေကို တရားဝင်ဖြစ်စေဖို့ သင်္ဃန်းကျွန်းမြို့နယ် မြယမုံအိမ်ရာနဲ့ လေးဒေါင့်ကန်ရပ်ကွက်မှာ တိုက်ခန်း ၂ ခန်းနဲ့ ပရိဘောဂတွေ၊ ကား ၂ စီး၊ စက်လှေ ၂ စီး၊ မင်းပြားမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းဘေး ရာမောင်တံတားအနီးမှာ ရာဘာခြံ ၆.၉၈ ဧက၊ တန်ဖိုးသိန်းပေါင်း ၆၂၀၀ ကျော်ကို ဝယ်ယူပိုင်ဆိုင် ခဲ့တယ်လို့လည်း ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အောင်ကျော်ထွန်းအပါအဝင် ၅ ယောက်ရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေမှာ လက်ကျန်ငွေ ၄၂၄ သိန်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုညွှန်ကြားရေးမှူး ဆန်းထွန်းက တရားလိုပြုလုပ်ပြီး ငွေကြေးခဝါချမှု ဥပဒေပုဒ်မ ၄၃ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ခုလိုဖမ်းဆီးအရေးထားသူတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (အေအေ)ဘက်ကတော့ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။











