DVB Logo
Home
Lead Story
ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု လက်တွေ့ဆန်သည့် တုံ့ပြန်မှုလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
October 25, 2017
ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု လက်တွေ့ဆန်သည့် တုံ့ပြန်မှုလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB


ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ရခိုင်အရေးကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားအလွန်အကျွံ သုံးစွဲခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်လုပ်လာနိုင်အောင် အမေရိကန် လွှတ်တော်မှာရော၊ ပြီးခဲ့တဲ့တပတ်က ဥရောပသမဂ္ဂမှာရော ပြန်ပြီး ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဦးသန်းဝင်းနိုင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာသိတဲ့အတိုင်းပဲ အခု ရခိုင်ကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားအလွန်အကျွံ သုံးစွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်မှာ အမတ် ၄၃ ယောက်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson) ကို အရေးယူပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့၊ အထူးသဖြင့်တော့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ဗီဇာကန့်သတ်တာတွေ၊ အရင်တုန်းကလိုမျိုး လက်နက်ရောင်းချမှု ပိတ်ဆို့ကန့်သတ်မှုတွေ ပြန်လုပ်ဖို့ လုပ်နေပါတယ်။ အဲဒီအတွက် ဥရောပသမဂ္ဂကလည်း ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လည်ပတ်ခွင့်ဗီဇာကို ပိတ်ပြီးတော့ အဆင့်မြင့်ခေါင်းဆောင်တွေ ပိတ်ဖို့ရယ်၊ နောက် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ဖို့ လုပ်ပါတယ်။ ဒီကိစ္စတွေက အသစ်တော့မဟုတ်ဘူး။ မြန်မာပြည်နဲ့ပတ်သက်ရင် အဲဒီလို ဒဏ်ခတ်အရေးယူမှုတွေက တကယ်ရော အလုပ်ဖြစ်ရဲ့လား၊ အခုလို အခြေအနေမှာရော ဒါတွေဟာ တကယ်လက်တွေ့ဆန်တဲ့ တုံ့ပြန်မှုလားဆိုတာ ဆရာ စပြီး ဆွေးနွေးပေးပါဦး။”

ဦးတင်မောင်သန်း (အယ်ဒီတာ၊ သင့်ဘဝမဂ္ဂဇင်း)

“ယေဘုယျအားဖြင့်ဆိုရင်တော့ အနောက်ဘက်မှာ မြင်တာကတော့ ဒါတွေဟာ အသုံးကျတယ်၊ ထိရောက်တယ်လို့ သူတို့ ယူဆတယ်ပေါ့နော်။ ကျနော်တို့ဆီကတော့ ဒါတွေဟာ မထိရောက်ဘူးလို့ မြင်နိုင်ကြတာပေါ့။ ကြားထဲက ပညာရှင်တွေ၊ ဥပမာ စတိုင်းဘာ့ဂ်လို ပါမောက္ခမျိုးကတော့ ဒါတွေဟာ သက်ရောက်မှုနည်းနိုင်တယ်လို့ သုံးသပ်ထားတာတွေလည်း ကျနော်တို့ ကြားရတယ်၊ ဖတ်ရတယ်ပေါ့လေ။ ယေဘုယျအားဖြင့်ဆိုရင်တော့ အဲဒီလို အရေးယူလိုက်တဲ့အတွက်ကြောင့်မို့လို့ ပြန်လည် တုံ့ပြန်ဆောင်ရွက်လာရတဲ့ ကိစ္စလေးတွေလည်း ရှိတတ်ပါတယ်။ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ပြန်လည်ပြီးတော့ စံနှုန်းတွေနဲ့ မညီစေကာမူ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သုံးသပ်ရတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းလာရတာကိုလည်း တခြားနိုင်ငံတွေမှာလည်း တွေ့တယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျနော် တခါ သြစတြေးလျပါမောက္ခ တယောက်နဲ့ စကားပြောဖူးတာဆိုရင် ဒါတွေဟာ တကယ်တမ်း မထိရောက်ဘူးလို့ ယူဆပေမယ့် ပြန်လည်တုံ့ပြန်ချက်တွေ ရတယ်လို့လည်း သူတို့က ပြောကြပါတယ်။ အဲဒီအခြေခံမူပေါ်ကနေမှ အီးယူကနေ၊ အမေရိကန်ကနေ စတာပေါ့လေ။ ဥပမာ ဒီလ စောစောပိုင်းက အမေရိကန်လွှတ်တော်မှာ တပ်မတော်ချင်း ဆက်ဆံရေးကို မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးကို သူတို့ နှစ်စဉ်လုပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းကို မက်ကိန်းက ပြင်ဖို့လည်း ကြိုးစားခဲ့တာ တွေ့ရတယ်။ ယေဘုယျအားဖြင့်တော့ သူတို့ဘက်က မြင်တာတော့ သက်ရောက်မှုရှိတယ်။ ကျနော်တို့ဘက်က မြင်တာကတော့ သက်ရောက်မှု မရှိဘူးပေါ့နော်။ ဒါပေမယ့် ကြားထဲမှာလို့ ကျနော်ထင်တယ်။ တစုံတရာ သက်ရောက်မှုရှိတယ်၊ ဒါပေမယ့် သူတို့ မျှော်လင့်သလောက်လည်း မဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လည်း သူတို့က အရေးယူ ဆောင်ရွက်မယ်လို့ ပြောတဲ့အခါမှာ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဖွင့်ထားတာတွေ ကြေညာချက်တွေမှာ တွေ့ရတယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်တွေကို၊ နောက်ပြီး တပ်မတော် ခေါင်းဆောင်တချို့ရဲ့ ခရီးစဉ်တွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဘူးဆိုတာ ပြောသလိုပဲ။ တပြိုင်တည်းမှာပဲ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေပေါ်မှာ မူတည်ပြီးတော့ ပြင်ဆင်မယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုး သူတို့ ကြေညာချက်ထဲမှာ ထည့်ထားတယ်။ ဒါကြောင့်မို့ သိပ်ပြင်းပြင်းထန်ထန် သဘောမျိုးအထိ အခုအချိန်မှာတော့ ယူလို့တော့ မရသေးဘူးလို့ ထင်တယ်။ သက်ရောက်မှု တစုံတရာတော့ ရှိလာအောင်လည်း ဖွင့်ထားတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာကတော့ စံနမူနာအရ အပြုအမူ ပြောင်းလဲအောင် ဒီလိုမျိုးရှိရင် အရေးယူမယ်၊ ဒီလိုမျိုးမဟုတ်ဘဲ တိုးတက်မှုရှိရင်တော့ ဒါမျိုးတွေ မလုပ်ဘူးလို့ ဆရာကတော့ သုံးသပ်သွားပါတယ်။ ဆရာ့အနေနဲ့ကလည်း အခုလိုမျိုး ရခိုင်ကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့တွေကို အခုလိုမျိုး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေဟာ တကယ်ရော အလုပ်ဖြစ်ပါ့မလား။ အဲဒါတွေရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ ဖြည့်စွက်ဆွေးနွေးပေးပါ။”

ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်)

“ကျနော်ကတော့ စတင်ပြီး ပြောချင်တဲ့ကိစ္စကတော့ ရခိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုကို တုံ့ပြန်တဲ့ ပြဿနာလား၊ ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ဘယ်ဟာအဓိကလဲဆိုတဲ့ ပြဿနာဆိုတာ ပထမ ခွဲခြားဖို့လိုမယ်။ ဒီလို အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ပြဿနာမှာ အမေရိကန်တပ်မတော်လောက် အကြမ်းဖက်တာ ကမ္ဘာမှာ မရှိဘူးလို့ ထင်တယ်။ ဒီကိစ္စကလည်း အကြမ်းဖက်မှုကြောင့် စတာပါပဲ။ သို့သော် အဲဒီကိစ္စကို တန်ပြန် အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့အခါကျတော့ အဲဒါနဲ့ပတ်သက်ပြီး ဘာသွားသတိရလဲဆိုတော့ ဒီလိုကိစ္စတွေက အရင် စစ်အေးခေတ် ကာလတွေတုန်းကလည်း၊ အခင်းအကျင်းတွေကလည်း ဒီအတိုင်းပဲ ပြန်ပြီးဖြစ်ကြတာပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဗမာပြည်သူတွေက မျှော်လင့်တဲ့အခါမှာ အနောက်တိုင်းရဲ့ ပံ့ပိုးမှုကို မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနောက်တိုင်းက Sanction တွေ တောက်လျှောက်လုပ်လာတဲ့အခါမှာ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရုတ်ရင်ခွင်ထဲကို တိုးဝင်ရတာ။ အဲဒီတော့ အခု ဒီတခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာတဲ့အခါကျတော့ရော ကျနော်တို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အလားအလာကို အနောက်က ဘယ်လို သဘောထားမှာလဲလို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလို Sanction တွေ ပေးဖို့ ထပ်ပြီးစဉ်းစားလာတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်အကျိုးမရှိဘူး။ အခုက တဖက်က ဘယ်သူအကျိုးရှိလဲဆိုတော့ တရုတ်နဲ့ မြန်မာပြည် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ အရင်တုန်းက အရှေ့မြောက်ပြဿနာပဲ အဓိကထား ပြောလာကြတာ။ ဒါပေမယ့် အခုက တရုတ်ပြည်ရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စမှာ အဲဒီသဘောတရားပြောရင် အခုက အရှေ့မြောက်ကနေ အနောက်တောင်အထိ ပါဝင်လာမယ့် သဘောတွေ၊ အနေအထားတွေ တွေ့နေတယ်။ အဲဒါတွေဟာ ကျနော်တို့ မြန်မာပြည်ရဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အကျိုးရှိရဲ့လားဆိုတာ စဉ်းစားစရာကောင်းတယ်။ နောက်တချက်ကတော့ Sanction လုပ်ခဲ့တာ နှစ်အစိတ် သုံးဆယ်လောက် ရှိမယ်။ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဒါတွေက ဘာများ လုပ်နိုင်လို့လဲ။ ဒါတွေဟာ သိပ်ပြီးထိရောက်မှု မရှိဘူး။ ကိုယ့်စိတ်ဆန္ဒနဲ့ မကိုက်ညီတဲ့ လားရာဘက်ကို ဦးတည်သွားနိုင်တယ်လို့ ကျနော် ယူဆပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013