
မကွေးတိုင်းဒေသကြီး၊ ယောမြို့နယ် ဂန့်ဂေါမြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက လူအင်အား ၁၀၀၀ ကျော်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ လူထုထောက်ခံပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲပါတယ်။
ဒီလူထုထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ဂန့်ဂေါမြို့၊ မြို့ပတ်လမ်းဆုံကနေစတင်ကာ ဗိုလ်ချုပ်လမ်း၊ ဈေးတောင်ဖက်လမ်းတို့အတိုင်း ချီတက်ခဲ့ပြီး ပြည်သူ့အားကစားကွင်းထဲမှာ စုဝေးဟောပြောခဲ့ကြတာပါ။
ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုထောက်ခံတဲ့ပြည်သူတွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဂန့်ဂေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးပေါ်လွင်ဦးက" အမေစုနှင့် အစိုးရဖက်မှာ ဂန့်ဂေါမြို့နယ်က ပြည်သူတွေကလည်း တသားတည်း ရှိတယ်ဆိုတာ သိစေချင်လို့ပါ။ နောက်ပြီး ရခိုင်ပြည်နယ် အစွန်းရောက်အကြမ်းဖက်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေရဲ့ဖော်ပြချက်တွေကို ပြည်သူတွေချင့်ချင်ချိန်ချိန်ယုံနိုင်ဖို့၊ ဘင်္ဂါလီိကို ရိုဟင်ဂျာလို့မသုံးဖို့အတွက် စုပေါင်းပြီး ဆန္ဒဖော်ထုတ်ကြတာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီဆန္ဒဖော်ထုတ်ပွဲကို ဂန့်ဂေါအနီးတဝိုက်က အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ ဇဟော၊ အနောက်တော ၄ ရွာ၊ စိုင်ဒူး စတဲ့ရွာတွေအပြင် မြစ်သာမြစ်အောက်ပိုင်းက လာပို့၊ ဘော်ပြင်း၊ မွှေ့လယ်၊ မြောက်ခင်ရန်း၊ ဟံသာဝတီစတဲ့ကျေးရွာကပြည်သူတွေလည်း စုပေါင်းပါဝင်ခဲ့ကြပါ တယ်။
ဒီလူထုထောက်ခံဆန္ဒဖော်ထုတ်ပွဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း အလိုမရှိ၊ နိုင်ငံတကာဖိအားများ ချက်ချင်းရပ်၊ တရားသောဖြေရှင်းမှု အောင်မြင်ပါစေ၊ တိကျခိုင်လုံမှုမရှိသော ပြည်ပသတင်းမီဒီယာများ ကျရှုံးပါစေ၊ အမေစု ကျန်းမာပါစေ စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပြီး နေ့လည်ပိုင်းမှာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။










