DVB Logo
Home
မြန်မာသတင်း
အဆိုပြုထားသည့်အချက်အားလုံးညှိနှိုင်းပြေလည်ပါက အန်စီအေလက်မှတ်ထိုးတော့မည်
DVB
·
October 25, 2017
အဆိုပြုထားသည့်အချက်အားလုံးညှိနှိုင်းပြေလည်ပါက အန်စီအေလက်မှတ်ထိုးတော့မည်
Donate to DVB

 

အစိုးရထံအဆိုပြုထားတဲ့ အချက်တွေကို  နိုဝင်ဘာလ ၈ ရက်နေ့မှာ အပြီးပြတ်ဆွေးနွေးမှာ ဖြစ်ပြီး ဒီအချက်တွေပြေလည်မှုရရှိပါက အန်စီအေလက်မှတ်ထိုးမယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ရဲ့  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဒုအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPNအဖွဲ့တို့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနမှာ အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၂ရက်ကြာကျင်းပခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ UNFC ရဲ့ အဆိုပြုချက်၉ချက်ထဲက အချက်၅ဖြစ်တဲ့  တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန်တွေနဲ့ တပ်နေရာချထားရေးတွေကို ကြိုတင်သဘော တူညီမှုရယူဖို့ဆိုတဲ့အချက်မှာ ဆွေးနွေးမှုတွေ မပြီးပြတ်ခဲ့ပါဘူး။  အဆိုပြုချက် အမှတ် ၁ကနေ ၄ အထိတော့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေကတည်းက ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီးဖြစ်ပါတယ်။

ကျန်တောင်းဆိုထားတဲ့ အချက်တွေမှာလည်း အဓိပ္ပါယ်ဖော်ပြချက်တွေ ပြန်ညှိနှိုင်းဖို့ရှိတဲ့ အတွက် နိုဝင်ဘာ ၈ ရက်နေ့ဆွေးနွေးပွဲမှာ အပြီးပျက်ဆွေးနွေးနိုင်ဖို့လည်း စဉ်းစားထားတယ်လို့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောပါတယ်။

''အဆိုပြုထားတဲ့ ၈ချက်ထဲမှာ အများစုက ပြီးပြတ်မှုရှိတယ်။ မပြီးပြတ်သေးတာက တပိုင်းတစပေါ့။ အဲ့ဒီအထဲမှာမှ နံပါတ် ၅ပဲ အရေးကြီးပါတယ်။ အဲ့ဒီမှာမှ စကားဖော်ပြမှု၊ အဓိပ္ပာယ်သတ်မှတ်ချက်အချို့က အခက်အခဲ ဖြစ်နေတာပေါ့။ နံပါတ် ၅မှာက ကျွန်တော်တို့ ဆွေးနွေးမှုအစီအစဉ်တွေကို ကြိုတင်ပြီးတော့ သတ်မှတ် ရအောင်ဆိုတာရှိတယ်။ အဲ့ဒီဆွေးနွေးမှု အစီအစဉ်ထဲမှာ ၁ဝ ချက်ရှိပါတယ်။ ဥပမာ-ကြားကာလအစီအစဉ်တို့၊ အဓိပ္ပာယ် ဖော်ပြချက်တို့ ပစ်ခတ်တိုက်ခိုက်မှု တပ်ပိုင်းဆိုင်ရာ CoC တို့၊ လုပ်ငန်းလမ်းညွှန်ToR တို့မှာ အသေးစိတ်ပြန်ပြီးတော့ ဆွေးနွေးကြဖို့ နှစ်ဖက်သဘောတူထားတယ်။ နံပါတ်၅က စစ်ဘက် ပုဂ္ဂိုလ်တွေနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ကျွန်တော်တို့ ပြန်ညှိမယ်။ DPNထဲမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်း စစ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ပြန်ညှိမယ်။ အဲ့ဒါတွေပြီးရင် နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံတော်နဲ့ ပြန်ညှိပါမယ်''

NCA လက်မှတ်ရေးထိုးဖို့အတွက် UNFCကအဆိုပြုထားတဲ့ ၆ ခုမြောက်အချက်ဖြစ်တဲ့  နှစ်ဖက်သဘောတူလက်ခံတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်တွေ ပါဝင်ရေးကိစ္စမှာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ရဲ့ JMC Support platformပုံစံနဲ့ သွားဖို့ရှိနေပါတယ်။

ဒါပေမယ့် အဆိုပြုချက်တွေမှာ နှစ်ဖက်သဘောထားတွေတူညီကြပေမယ့် စကားလုံး အဓိပ္ပါယ်တွေနဲ့ ပတ်သတ်ပြီးပြန်ညှိနှိုင်းရမှာတွေရှိနေတဲ့အတွက် သက်ဆိုင်ရာ  တာဝန်ရှိတဲ့ သူတွေကို နှစ်ဖက် ပြန်တင်ပြပြီးလာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်ဆွေးနွေးမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးဇော်ဋ္ဌေးကလည်းပြောပါတယ်။

''UNFC ဘက်ကလည်း လက်မှတ်ထိုးပြီး တာတောင် ပဋိပက္ခတွေ ဖြစ်နေသေးတယ်ဆိုတဲ့ အမြင်ကလည်းရှိတယ်။ ဒါကမ္ဘာပေါ်မှာလုပ်သမျှ အပစ်အခတ်ရပ်စဲရေးတိုင်း ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒါပေမယ့် UNFC အနေကလည်း သူတို့ ဝင်လာတဲ့အချိန် ဒါမျိုးတွေ မဖြစ်အောင် ကြိုပြီး ပြင်ဆင်ချင်တဲ့ သဘောပဲ။ ဒါကို စိုးရိမ်မှုရှိတယ်လို့ ဆိုလိုတာ''

ငြိမ်းချမ်းရေးကော်မရှင်ကတာဝန်ရှိသူကတော့  အန်စီအေ လမ်းကြောင်းပေါ်ကို ရောက်တဲ့အခါ UNFC အနေနဲ့ အန်စီအေမှာ မကြိုက်တဲ့အချက်တွေပြင်ဆင်ချင်တာတွေကို ညိနှိုင်းပြီးသွားလို့ရတဲ့အတွက် စိုးရိမ်ဖို့မလိုဘူးလို့ပြောဆိုခဲ့ပါ တယ်။

UNFCအနေနဲ့ငြိမ်းချမ်းရေးကော်မရှင်ကို အဆိုပြုထားတာ ၁၅ လကြာခဲ့ပေမယ့် တပ်မတော်ဘက်က လိုက်လျောမှုမရှိသေးတဲ့အတွက် UNFC အနေနဲ့ NCA မှာပါဝင်ရေး နှောင့်နှေးနေတာလို့ ပထမနေ့ဆွေးနွေးပွဲမှာ DPN အဖွဲ့ခေါင်းဆောင် ဦးခူးရယ်ကပြောဆိုခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ  ဆွေးနွေးမှုတွေ အားလုံး သဘောတူညီမှုရရှိနိုင်ပါက တနိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် အန်စီအေကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ရှိနေပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013