DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြေလည်မှုမရ
DVB
·
October 25, 2017
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြေလည်မှုမရ
Donate to DVB

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး နစ်နာတဲ့တောင်သူတွေနဲ့ အစိုးရ၊ မြန်မာနဲ့ တရုတ်ကုမ္ပဏီတာဝန်ရှိသူတွေ  ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာမှာ  ပြေလည်မှုမရခဲ့ဖူးလို့  ဆွေးနွေးပွဲတက်ရောက်သူ ဒေသခံတောင်သူ ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီး၃ ဦးပါဝင်တဲ့ သယံဇာတတူးဖော်ရေးမှာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့၊ ဒေသခံ တောင်သူကိုယ်စားလှယ် ၇ ဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဦးလှစိန်ခေါင်းဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက မစ္စတာလောဆုံဦးဆောင်တဲ့အဖွဲ့တို့ မနေ့က  ၁ နာရီလောက်အကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမယ့် ဒေသခံတွေတောင်းဆိုတဲ့ အစားထိုးမြေယာ ၁၉၀၀ ဧကဖော်ဆောင်ပေးရေး၊ မြေယာလျော်ကြေးမယူထားတဲ့ တောင်သူတွေအတွက် သီးနှံနစ်နာကြေး ၄ နှစ်စာ ဖော်ဆောင်ရေးတွေကို အဓိကထားဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုတစုံတရာမရရှိခဲ့ဘူးလို့ တောင်သူကိုယ်စားလှယ် ဒေါ်စန္ဒာကဒီဗွီဘီကိုပြောပါတယ်။

“ဒီတွေ့ဆုံပွဲက ဒေသခံတွေအတွက် အကျိုးရှိတယ်လို့ပြောလို့မရသေးဘူး။ အမှန်တကယ် အဆင်ပြေစေချင်တယ်ဆိုရင် ဒေသခံတွေတောင်းဆိုနေတဲ့ သီးနှံနစ်နာကြေးကို အစားထိုးမြေ မဖော်ဆောင်ခင် လုပ်ပေးသင့်တယ်။ ဒီဧက ၁၉၀၀ က မြေသိမ်းတောင်သူတွေ အစားထိုး ဆိုပေမယ့် လျော်ကြေးမယူသူတွေအတွက် မြေယာလျော်ကြေး၊ သီးနှံနစ်နာကြေးတွေက ဖြေရှင်းပေရမှာပဲ။ ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ကုမ္ပဏီက ဘာတခုမှ တာဝန်ယူမှုမရှိဘူး။ အစီရင်ခံစာထဲမှာ လူနေကျေးရွာတွေနဲ့ အနီးဆုံးမှာ စီမံကိန်းမလုပ်သင့်ဘူး လို့ပြောထားတယ်။ ဒီစီမံကိန်းက လူနေကျေးရွာတွေနဲ့ ဝန်းရံထားတယ်။ အမေစုအနေနဲ့ ဒီအစီရင်ခံစာကို ရေးခဲ့သူတယောက်အနေနဲ့ ဒီစီမံကိန်းကို ရပ်ဆိုင်းခိုင်းသင့်တယ်။ အမေစုအနေနဲ့ တခေါက်လောက်တော့ လာကြည့်စေချင်တယ်”

အခုလို ၄ ပွင့်ဆိုင် တံခါးပိတ်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေ၊ အစိုးရ အဖွဲ့က ဝန်ကြီးတွေကို တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

တွေ့ဆုံပွဲတက်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က “ပြေလည်မှုဆိုတာတော့ တစ်ခါမှမတွေ့ဘူးတဲ့ ဒေသခံတွေရယ်၊ တာဝန်ရှိဆုံး ဆုံးဖြတ်နိုင်တဲ့ ဝမ်ပေါင်က လောဆုံတို့ရယ်၊ ဦးပိုင်ကဆုံးဖြတ်နိုင်တဲ့ ဦးလှစိန်တို့ရယ်၊ နောက် ဒေသခံတွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ အစိုးရရယ် ဒါမျိုးက ပြီးခဲ့တဲ့ အစိုးရ သက်တမ်းမှာ တစ်ခါမှ မတွေ့ဖူးဘူးပေါ့နော်။ အဓိက ညှိနှိုင်းမှုလမ်းစဉ်အရ ပထမဆုံး ခြေလှမ်းအနေနဲ့ အောင်မြင်စွာတွေ့ဆုံနိုင်တဲ့ အနေအထားကိုတော့ ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတာဖြစ်တာကြောင့် မြေယာ၊ သီးနှံလျော်ကြေးတွေ နဲ့ပတ်သက်ရင် ဆုံးဖြတ်ခွင့်မရှိတဲ့အကြောင်း ။အေးအေးဆေးဆေးမျက်နှာချင်းဆိုင်ထိုင်ပြီးတော့ ပြဿနာတွေကို ဖြေရှင်းချင်ပါတယ်လို့ လည်း ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူ မစ္စတာလောဆုံက အစည်းဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကတော့ အစားထိုးမြေဖော်ဆောင်ပေးရင်ပေး၊ မပေးရင်တော့ လုပ်စရာရှိတာဆက်လုပ်သွားမယ့်အပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေထိ အဆင့်ဆင့်စာတင်တာတွေ၊ တောင်းဆိုချက်တွေ မရမချင်း လုပ်ငန်း ရပ်ဆိုင်းထားဖို့တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013