DVB Logo
Home
Lead Story
ဘီလူးကျွန်းက စက္ကူအရုပ်
DVB
·
October 25, 2017
ဘီလူးကျွန်းက စက္ကူအရုပ်
1 / 4
Donate to DVB

“ကျနော့်အလုပ်ကို လက်ဆင့်ကမ်းဖို့ လူမရှိဘူး။”

မိသားစု လက်မှုလုပ်ငန်း ပျောက်ကွယ်သွားမှာ နှမြောတသသနဲ့ ရေရွတ်လိုက်တာပါ။ သူက အသက် ၆၀ ကျော်ရွယ် ဦးသက်ဝေပါ။ အရပ် ထောင်ထောင်မောင်းမောင်း၊ ဆံပင်တိုတို၊ ဗမာစကား ပီပီသသ ပြောနိုင်တဲ့ မွန်တိုင်းရင်းသားပါ။

တခေတ်၊ တခါက “မိတ်အင် ရွာလွတ်” လို့ အိမ်တွင်းလက်မှုလုပ်ငန်းတွေ ဖန်တီးရာဒေသဆိုပြီး နာမည်ကျော်ခဲ့တဲ့ မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာမှာ နေထိုင်သူပေါ့။

“အဖေက မူလတန်းကျောင်းအုပ်ပါ။ တနေ့ကျ သန့်ရှင်းရေးလုပ်တော့ ကျောင်းဗီရိုထဲမှာ စာအုပ်အဟောင်းတွေ အများကြီးရှိတယ်။ ခြတွေ စားထားတာလည်း ရှိတယ်။ အဲဒါတွေကို မီးရှို့ဖို့လုပ်နေတော့ ကျနော်က အရုပ်လုပ်ကြည့်မလားလို့ ပြောကြည့်တော့ လုပ်ဖြစ်သွားတယ်။”

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြနေတာပါ။

ဖခင်ဖြစ်သူ ကျောင်းအုပ်ဆရာကြီးရဲ့ ရုံးခန်းအတွင်းက စွန့်ပစ်တော့မယ့် စာအုပ်တွေကို ပြန်လည်အသုံးချနိုင်ဖို့ စဉ်းစားရင်းက လက်မှုလုပ်ငန်း ဖန်တီးဖြစ်သွားတာပါ။

အထက်မြန်မာပြည်၊ မန္တလေးဘက် ခရီးဆန့်ရင်း တွေ့မြင်ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စက္ကူအရုပ်တွေကို ဖန်တီးမယ်ဆိုပြီး စတင်ဖြစ်သွားတာပါ။

“လုပ်စတုန်းက အရောင်းအဝယ် မရှိဘူးပေါ့နော်” လို့ ဦးသက်ဝေက ပြောပါတယ်။

စတင်ဖန်တီးခဲ့စဉ်က ဝယ်မယ့်သူတွေ မရှိခဲ့ပေမယ့် ယုံကြည်ချက်အတိုင်း အကောင်အထည်ဖော် လုပ်ခဲ့တာပေါ့။

Paper toy02-Kyaw Soe“ဟိုတုန်းက နွားရုပ်တမျိုးပဲလုပ်တာ” လို့ ဆိုပါတယ်။

ဝယ်မယ့်သူကတော့ နတ္ထိပေါ့။ ဒါပေမယ့်လည်း စက္ကူအရုပ်လုပ်ငန်း ဆက်လက်ဖန်တီးနိုင်ဖို့ ကံကြမ္မာက ဦးသက်ဝေကို မျက်နှာသာပေးခဲ့ပါတယ်။

“ရွာလွတ်ဘုရားပွဲမှာ ပြဇာတ်မင်းသားက ပြဇာတ်ထဲမှာ နွားရုပ်ပြချင်တယ်ဆိုတော့ လာပြီးတော့ ဝယ်သွားတယ်။ အဲဒီနောက်ပိုင်း ကလေးတွေ မြင်ပြီးတော့ ဆက်လုပ်ဖြစ်သွားတယ်” လို့ ဦးသက်ဝေက ပြောပါတယ်။

နောက်ပိုင်းမှာတော့ စက္ကူအရုပ်လုပ်ငန်းကို ဦးသက်ဝေတို့ မိသားစုက တနိုင်တပိုင် လုပ်ကိုင်လာပါတော့တယ်။ စွန့်ပစ်စက္ကူကနေ ကလေးကစားစရာ စက္ကူအရုပ်တွေကို အချော၊ အကြမ်း ဆိုပြီး အမျိုးအစား ၂ မျိုး သတ်မှတ် ဖန်တီးပြုလုပ်ခဲ့တာပါ။

ကလေးသူငယ်တွေ ဈေးပေါပေါနဲ့ ဝယ်ယူဆော့ကစားလို့ရအောင် ပွဲဈေးတွေမှာ ရောင်းတဲ့ စက္ကူအရုပ်တွေဟာ ခံဆေးပါးပါးပဲ ခြယ်သထားတဲ့အတွက် အကြမ်းလို့ သတ်မှတ်လိုက်တာပါ။

အချောအရုပ်ဆိုတာက တော်ရုံတန်ရုံ ရေထိရင်တောင် မပျက်စီးတဲ့အရုပ်ပါ။ ဆေးထူထူ ခြယ်လိမ်းထားလို့ပါပဲ။ အချောနဲ့အကြမ်း ဆိုတာကလည်း ဆေးအထူ၊ အပါးသာ ကွာတာပါ။ အချောတွေက နှစ်ချီ သိမ်းဆည်းနိုင်ပါတယ်။ တော်ရုံနဲ့ မပျက်စီးပါဘူး။

နွား၊ မြင်းကျား၊ သစ်ကုလားအုပ်၊ ဆင်နဲ့ ဖား ပုံသဏ္ဌာန် စက္ကူအရုပ်တွေကို လုပ်ကြတာပါ။

ဦးသက်ဝေတို့မိသားစု စက္ကူရုပ်လုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ခုဆိုရင် နှစ်ပေါင်း ၃၀ ကျော် ကြာနေပါပြီ။ နေ့စဉ် ပြုလုပ်ရောင်းချနေတာ မဟုတ်ဘဲ ကြိုတင်မှာယူတဲ့ အရေအတွက်ပေါ် မူတည်ပြီးမှပဲ ပြုလုပ်နေကြတာပါ။

စက္ကူအရုပ်တွေ ဖန်တီးတော့မယ်ဆိုရင် နွား၊ မြင်း၊ ဆင်၊ သစ်ကုလားအုတ်၊ ဖား ပုံတူ ထုဆစ်ထားတဲ့ သစ်သားအရုပ်မှာ စက္ကူအပါးတွေကို ရေဆွတ်ပြီး အရင်ကပ်ရပါတယ်။

ပြီးရင် အခြောက်ခံပေါ့။

ခြောက်သွားပြီဆိုရင်တော့ ကော်သုတ်ထားတဲ့ စက္ကူအထူတွေကို နောက်ထပ် အပေါ်ကနေ ကပ်ရပါတယ်။

နောက်တခါ အခြောက်ခံပြန်ပေါ့။Paper toy06-Kyaw Soe

ခြောက်သွားပြီဆိုရင်တော့ အရုပ်တွေထဲက သစ်သားအရုပ် ထုတ်ယူဖို့ စက္ကူတွေကို ပုံစံမပျက် ခွဲထုတ်ရပါတယ်။ သစ်သားအရုပ်တွေ ဖယ်လိုက်ရင်တော့ မာတောင့်နေပြီဖြစ်တဲ့ စက္ကူအရုပ်တွေကို နောက်ထပ် စက္ကူ၊ ကော်တွေနဲ့ ပြန်ပိတ်လိုက်တာပါ။

အရုပ်အပေါ်မူတည်ပြီး လိုနေသေးတဲ့ နားရွက်၊ အမြီးတွေကို သီးခြား ပြန်တပ်ဆင်ရတာပါ။

နောက်တဆင့်အနေနဲ့ အဖြူခံ ဆေးသုတ်၊ ခံဆေးအဖြူ ခြောက်သွားရင်တော့ သဘောင်္ဆေး ထပ်သုတ်ရတာပါ။

ပြီးရင်တော့ မျက်လုံး၊ နှာခေါင်း လိုအပ်တဲ့ပုံတွေကို အရောင်ထည့်၊ ပုံသွင်း ခြယ်သရတာပါ။

အရုပ်တခု ပြီးဖို့ဆိုရင်တော့ ၅ ရက်နီးပါး ကြာပါတယ်။ တခုဖြစ်စေ၊ ရာချီ ပြုလုပ်သည်ဖြစ်စေ ကြာချိန်က အတူတူပါပဲ။

စက္ကူအရုပ်တွေဆိုတော့ စက္ကူနဲ့ ပါကင်စက္ကူတွေကို အဓိက အသုံးပြုရပါတယ်။ သင်္ဘောဆေး၊ ဆန်ကော်၊ သာကူကော်၊ ပလာစတာမှုန့်တွေကို ကော်နဲ့ရောပြီး အရုပ်တွေကို တောင့်တင်းအောင် ဆက်စပ်အသုံးပြုရတာပေါ့။

စက္ကူကုန်ကြမ်းတွေကို လာရောင်းတာလည်း ရှိသလို ကိုယ်က လိုက်ဝယ်ရတာတွေလည်း ရှိတယ်လို့ ဦးသက်ဝေက ပြောပါတယ်။

“ကလေးတွေ ကျောင်းပိတ်ရင် သူတို့စာအုပ်တွေ လာရောင်းတယ်။ တချို့ လာထားထားတယ်။ ကျောင်းဖွင့်ရင် ဘောပင်တို့၊ ဗလာစာအုပ်တို့ လက်ဆောင်ပြန်ပေးတယ်” လို့ ပြောပါတယ်။

မိုးတွင်းကာလတွေမှာ အရောင်းအဝယ်အေးလို့ စက္ကူအရုပ်ထုတ်လုပ်တာ နည်းပါတယ်။ စက္ကူအရုပ်ဖြစ်တာနဲ့အညီ မိုးတွင်းကာလ စိုစွတ်နေချိန်မှာတော့ အရုပ်တွေဟာ ပျော့ပျောင်း ပျက်စီးသွားတတ်လို့ပါပဲ။

Paper toy03-Kyaw Soeဖန်တီးလိုက်တဲ့ စက္ကူအရုပ် အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ အငယ်ဆုံး ၅ လက်မအရွယ်၊ အကြီးဆုံး ၁၅ လက်မအရွယ်အထိ ရှိပါတယ်။ ဖောက်သည်ဈေး အနည်းဆုံး ၃၀၀ ကနေ အများဆုံး ၄၀၀၀ ဝန်းကျင်အထိပေါ့။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွေက ပြန်လည်ရောင်းချတဲ့ ဖောက်သည်တွေက စက္ကူအရုပ်တွေကို ဝယ်ယူကြတာပါ။

ဒီအရုပ်တွေကို ပွဲဈေးတွေမှာ အများဆုံး တွေ့ကြရမှာပါ။

ပွဲဈေးခင်းထဲ ရောက်လာတဲ့ သားသည် မိခင်၊ ဖခင်တွေကို မြင်ယောင်ရင်း ဦးသက်ဝေက အခုလို ပြောလိုက်ပါတယ်။

“နွားမြင်ပြီဆို ကလေးမိခင်တွေက မဝယ်လို့ မရတော့ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013