ဖားကန့်မြို့နယ်၌ မူးယစ်ဆေး ကျပ်သိန်း ၁၆၀၀၀ ကျော် ဖမ်းဆီးရမိမှု ကွင်းဆက်မှ ကျပ်သိန်း ၇၀၀၀ ကျော် ထပ်မံဖမ်းမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၂ ရက် ညနေက ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် မူးယစ်ဆေးတွေကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းမိခဲ့ပြီး စစ်ဆေးချက်အရ မော်တော်ယာဉ် တစီးနဲ့အတူ မူးယစ်ဆေးဝါး ကျပ်သိန်း ၇ ထောင်ကျော်ဖိုးကို အောက်တိုဘာ ၂၃ ရက်နေ့မှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်း မူးယစ်တပ်ဖွဲ့စု (၃) မှ ရဲအုပ်နိုင်စိုးက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီအချိန် မိုးညှင်း မူးယစ်တပ်ဖွဲ့စု (၃) မှ တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါး ကျပ်သိန်း ၁၆၀၀၀ ကျော် ဖမ်းဆီးရမိမှုမှ တရားခံကျော်အောင်(ခ) အားတီနှင့် ဝေမင်း(ခ)အေးသားတို့ရဲ့ ထွက်ဆိုချက်အရ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ ဆွတ်အောင်ကျေးရွာ အိမ်အမှတ် (၁/၅၁) ကျော်အောင်(ခ)အားတီရဲ့ နေအိမ်နဲ့ မော်တော်ယာဉ်တို့တွင် မူးယစ်ဆေးဝါးတွေ ကျန်ရှိနေတာသိရတဲ့အတွက် တရားခံ ကျော်အောင်(ခ)အားတီနှင့် ဝေမင်း(ခ)အေးသားတို့ကို တပါတည်း ခေါ်ဆောင်ပြီး အဆိုပါနေအိမ်သို့ မှုးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ် (၁၀၅/၂၀၁၇) နဲ့ သွားရောက်ရှာဖွေခဲ့ရာမှ မူးယစ်ဆေး သိန်း ၇၀၀၀ ကျော် ထပ်မံ ဖမ်းဆီးရမိခဲ့တာပါ။
တရားခံတွေ လိုက်လံပြသတဲ့ နေအိမ်အိပ်ခန်း သံသေတ္တာအတွင်းမှ ရောင်စုံဆပ်ပြာ ခွက်တခွက်ကို ဘိန်းဖြူအလေးချိန် ၁၂ ဂရမ်ခန့်စီပါ ၈၈ ခွက် အလေးချိန် ၁၀၅၆ ဂရမ် ကာလတန်ဖိုး ၆၂၃၀၄၀၀၀၊ အပြာရောင်ကပ်ခွာအိတ်တအိတ်ကို 88 နဲ့ 1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၆၀၀၀ ပြား ကာလတန်ဖိုး ၄၈၀၀၀၀၀၀၀ သိန်း၊ အဆိုပါ နေအိမ်ခြံဝင်းအတွင်း ရပ်ထားတဲ့ မော်တော်ယာဉ် ကြမ်းခင်းအံဝှက်အတွင်းမှ ရောင်စုံဆပ်ပြာ ခွက်တခွက်လျှင် ဘိန်းဖြူအလေးချိန် ၁၂ ဂရမ်ခန့်စီပါ ၁၃၆ ခွက် အလေးချိန် ၁၆၃၂ ဂရမ် ကာလတန်ဘိုး ၁၅၅၀၄၀၀၀၀ သိန်း စုစုပေါင်း မူးယစ်ဆေးဝါး ကာလတန်ဖိုး ၇၃၅၃၆၀၀၀၀ ကျပ်သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ မိုးညှင်း မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ ရဲအုပ်နိုင်စိုးက ပြောပါတယ်။
မူးယစ်ဆေးတွေ လက်ဝယ်တွေ့ရှိတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ကွပ်ရွာနေသူ ကျော်အောင် (ခ) အားတီ (၂၄-နှစ်)၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်နေသူ ဝေမင်း(ခ)အေးသား (၄၀-နှစ်) တို့ကို လုံးခင်းနယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











