DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်မှ ကျပ် ၁၂၀၀ ဘီလီယံချေးယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု
DVB
·
October 24, 2017
ဗဟိုဘဏ်မှ ကျပ် ၁၂၀၀ ဘီလီယံချေးယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု
Donate to DVB

 

အစိုးရအပ်ငွေစာရင်း လိုငွေဖြည့်ဆည်းဖို့ ဗဟိုဘဏ်ကနေ ကျပ် ၁၂၀၀ ဘီလီယံချေးယူဖို့  အောက်တိုဘာ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

ဗဟိုဘဏ်ကနေ ကျပ် ၁၂၀၀ ဘီလီယံချေးယူဖို့ကို ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့က ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကာ ဒီကနေ့မှာ သက်ဆိုင်ရာစီးပွားရေးနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်က ပြန်လည်ရှင်းလင်းပြီး မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများတဲ့အတွက် အတည်ပြုလိုက်တာပါ။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းကနေ ငွေချေးယူပြီး လိုငွေဖြည့်ဆည်းဖို့ကို စုစုပေါင်း ၅၂၀၀ ဘီလီယံ လျာထားပြီး၊ ပြည်ပကနေ ချေးယူဖို့ လျာထားချက် ၁၇၅၄ ဘီလီယံဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းကချေးယူဖို့ လျာထားချက်ဟာ ၃၄၄၆ ဘီလီယံ ဖြစ်ပါတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီပြည်တွင်းက ချေးယူဖို့ ၃၄၄၆ ဘီလီယံကို အခြေခံပြီး အစိုးရအပ်ငွေစာရင်းရဲ့ လိုငွေကို ဖြည့်ဆည်းတာမှာ ငွေတိုက်စာချုပ် ရောင်းချတာကို ၄၀ ရာခိုင်နှုန်း၊ ငွေတိုက်လက်မှတ်ရောင်းချတာကို ၃၀ ရာခိုင်နှုန်းနဲ့ ဗဟိုဘဏ်က ချေးယူတာကို ၃၀ ရာခိုင်နှုန်း လျာထားတာကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ဗဟိုဘဏ်ကနေ ချေးယူဖို့ကို ပြည်တွင်းကချေးယူနိုင်တဲ့ ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၂၀၀ ဘီလီယံကို လျာထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒုဝန်ကြီးဦးမောင်မောင်ဝင်းက “အစိုးရက ဗဟိုဘဏ်ကနေ ချေးယူတာဟာ ငွေကြေး ပမာဏကို တိုးစေတာ၊ လှည့်လည်သုံးစွဲငွေကို တိုးစေ တာတွေကို တိုက်ရိုက် အကျိုးသက်ရောက်မှု မဖြစ်စေနိုင်ဘဲ သွယ်ဝိုက်တဲ့နည်းနဲ့သာ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ သို့သော် ပြင်ပဈေးကွက်ကနေ ငွေချေးယူတာကတော့ ငွေကြေးပမာဏနဲ့ လှည့်လည်သုံးစွဲငွေကို လျော့နည်းစေတဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှု ရရှိနိုင်ပါတယ် ” လို့ ပြောပါတယ်။

လက်ရှိ စက်တင်ဘာလကုန်ထိ အခြေအနေအရ အစိုးရရဲ့ အပ်ငွေစာရင်းမှာ ပိုငွေဖြစ်ပေါ် နေတဲ့အတွက် လျာထားချက်အတိုင်း ၃၀ ရာခိုင်နှုန်အတွင်းမှာပဲ ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစိုးရဘက်ဂျက်လိုငွေအတွက် ပြည်တွင်းကချေးယူတာမှာ ဗဟိုဘဏ်က ချေးယူမှုအချိုးအစားကို လက်ရှိအခြေအနေမှ နှစ်စဉ် ၁၀ ရာ ခိုင်နှုန်းခန့် လျော့ချသွားပြီး ၂၀၂၀-၂၁ လောက်မှာ အစိုးရဟာ ဗဟိုဘဏ်ကနေ ချေးယူဖို့ မလိုအပ်တဲ့အခြေ အနေမျိုးဖြစ်အောင် မျှော်မှန်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ဆိုပါတယ်။

“လက်ရှိအခြေအနေအရ အစိုးရကို ဗဟိုဘဏ်က ငွေထုတ်ချေးဖို့ လိုအပ်ဆဲဖြစ်ပါတယ်။ အဲဒီလိုထုတ်ချေးတာ မလုပ်ရင် အစိုးရယန္တရားတွေ လည်ပတ်တာမှာ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဥပဒေမှာတင်းကြပ်အောင် မတားဆီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက ဗဟိုဘဏ်ကနေ ငွေချေးယူတာ လျော့နည်းအောင် ဆောင်ရွက်နေပါတယ် ”

အစိုးရငွေတိုက်လက်မှတ်ရဲ့ အတိုးနှုန်းဟာ ၇ ရာခိုင်နှုန်းကနေ ၈ ဒသမ ၈၇၉ ရာခိုင်နှုန်းထိရှိလာပြီး အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းက ၉ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ ရှိလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013