DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် စမုံချောင်းကူးတံတား ရေထဲပါသွား၍ ဒေသခံများ သွာလာရေးခက်ခဲနေ
DVB
·
October 24, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် အောက်တိုဘာလ ၂၄ ရက် မနက်မှာ ဆူးပန်းရွာနဲ့ ခင်ပန်းရွာ ဆက်ပြီး မြို့ပေါ်ကို သွားလာရတဲ့ စမုံချောင်းကူးတံတားဟာ ရေစီးကြောင့် ကျိုးပျက်သွားပြီး ဒေသခံတွေ သွားလာရေး ခက်ခဲသွားတယ်လို့ ဆူပန်းရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးမြသင်းက “ဒီတံတားကို အားကိုးပြီး အလုပ်လုပ်နေရတယ်။ အခု စမုံရေတွေက ကမ်းလုံးပြည့်လာနေတာ ရေစီးကလည်း သန်တယ်။ မိုးမရွာလည်း ဆည်က ရေပိုလွှဲက လွှတ်လိုက်တဲ့ ရေတွေပေါ့။ ရွာသားတချို့ဆို တံတားကြီး ရေစီးကြောင့် ကျိုးပျက်နေတာကို ကြည့်ရင်း မျက်ရည်တွေတောင် ကျကြတယ်”လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဘီစီ ဦးအောင်ကျော်ဦးက “ဆူးပန်းရွာ စမုံချောင်းကူးတံတား ရေစီးသန်လို့ ကျိုးပျက်သွားတယ်။ ရုံးကအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ အဲဒီရွာဘက်ကို တခြားရွာတွေဘက်က ကွေ့ပြီးတော့ သွားတယ်။ ခရိုင်ကိုတော့ တင်ပြထားပါတယ်။ ဆည်ရေ မိုးရေတွေကြောင့် မြို့နယ်တွင်း လမ်းတံတားတွေ ပျက်စီးကြတယ်"လို့ ပြောပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာ ဒေါ်နှင်းအိအိလှိုင်က "အခုပဲ အဲဒီတံတား ကျိုးပျက်မှု အခြေအနေ ကြည့်နေတာပါ။ သဘာဝဘေး ပျက်စီးမှုအနေနဲ့ ဝန်ကြီးဌာနကို တင်ပြမှာပါ။ မြို့နယ်တခုလုံး တံတား ၈ ခု ပျက်ပါတယ်။ ဒီတံတားကတော့ ကျိုးပြတ်သွားတာပေါ့"လို့ ပြောပါတယ်။

ဆူးပန်းရွာ စမုံချောင်းကူးတံတားကို ၂၀၀၃ ခုနှစ်မှာ ဟက်ပီးတက်က သိန်း ၅၀၊ စည်ပင်က ၄၅ သိန်း မတည်ပြီး လိုတဲ့ငွေကို ရွာကကျခံကာ သိန်း၃၀၀ ကုန်ကျခဲ့တဲ့တံတား ဖြစ်ပါတယ်။ အရှည်ပေ ၂၂၀ အကျယ် ၁၂ ပေ အမြင့် ၁၅ ပေ ကွန်ကရစ်တိုင် သစ်သားခင်း လုပ်ထားတဲ့ တံတားဖြစ်ပါတယ်။ တံတားအရှေ့ဘက်က ရွာပေါင်း ၈ ရွာလောက် အသုံးပြုပြီး ဆိုင်ကယ်နဲ့ ကားတွေ နေ့စဉ် အစီးရေ ၄၀၀ လောက်ဖြတ်ကာ ညောင်ဦးဖီး အထက်တန်းကျောင်းကို ၉ တန်း ၁၀ တန်းကျောင်းသား ၁၀၀ ကျော် အသုံးပြု သွားလာနေပါတယ်။ ဒေသခံများ နေ့စဉ် လူဦးရေ ၂၀၀၀ လောက် အသုံးပြုတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013