ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ညက ဆိုင်ကယ်စီးလာသူ တဦးအပေါ် သစ်ကိုင်းကျိုးကျပြီး ဆိုင်ကယ်စီးလာသူတဦး နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ အမှတ်(၁) နယ်မြေရဲစခန်းက သိရပါတယ်။
အခင်းဖြစ်တဲ့ ည ၈ နာရီလောက်က မှော်ကန် (၄) လမ်း၊ လိပ်ပြာကန် ရပ်ကွက်နေ သေဆုံးသူ သက်မောင်မောင် (၂၁ နှစ်)ဟာ ဆိုင်ကယ်နဲ့ ပန်းလှိုင် ကျုံးရိုးတန်းလမ်းကနေ စင်္ကြာခြံလမ်းအတိုင်း နေအိမ်ကို ပြန်လာစဉ် ပန်းလှိုင်ဘုန်းကြီးကျောင်းအနီး စင်္ကြာခြံ လမ်းကွေ့အရောက်မှာ စိန်ပန်းပင် ကျိုးကျပြီး သူ စီးလာတဲ့ ဆိုင်ကယ်ပေါ် တည့်တည့်ကျိုးကျတဲ့အတွက် သစ်ကိုင်း ရိုက်ခတ်မှုကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။
သက်မောင်မောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ပဲခူး အမှတ် (၁) နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅ / ၂၀၁၇ နဲ့ အမှုဖွင့်လှစ်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး











