
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၁) နယ်စပ်မှတ်တိုင် (၄၆-၄၇)ကြားအနီးမှာ အောင်သပြေကျေးရွာနေ တိုင်းရင်းသား ဒိုင်းနက်လူမျိုး ၄ ဦးဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက်က တောဝက်လိုက်ဖမ်းရာက သေနတ်နဲ့ ပစ်ခတ်ခံရပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
အောင်သပြေကျေးရွာသား မောင်ငယ်လှ၊ မောင်ငယ်ထွန်း၊ ရွှေသိန်းမောင်နဲ့ စိန်လှမောင်တို့ လေးယောက်ဟာ တောဝက် ခြေရာခံပြီး လိုက်နေတုန်း မိုင်တိုင်အမှတ် (၄၆-၄၇) ကြားမှာ လက်နက်ကိုင် လူ ၁၅ ဦးခန့်နဲ့ ရင်ဆိုင်မိပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ပစ်ခတ်ခံရသူ မောင်ငယ်လှက ပြောပါတယ်။
“ကျနော်တို့က မနက်စောစောကတည်းက တောဝက်ခြေရာခံပြီး လိုက်နေတာ ညနေကျတော့ ဘင်္ဂါလီတွေနဲ့တွေ့ပြီး သေနတ်နဲ့ ဝိုင်းပစ်လို့ ကျနော့်မှာလည်း ပေါင်နဲ့ ခါးမှာ ထိတယ်။ ကျနော့်ညီ မောင်ငယ်ထွန်းနဲ့ စိန်လှမောင်တို့ကတော့ သေကျန်ခဲ့ပါတယ်။”
ပစ်ခတ်ခံခဲ့ရတဲ့အတွက် မောင်ငယ်လှရဲ့ ခါးပိုင်းမှာ ဒဏ်ရာတချက်နဲ့ ဝဲဘက်ပေါင်မှာ တချက်ရရှိခဲ့ပြီး ရွှေသိန်းမောင်ရဲ့ မေးစေ့အောက် ထိရှဒဏ်ရာနဲ့ ယာဘက်လက်မောင်းမှာ ဒဏ်ရာတချက် ရရှိခဲ့ပါတယ်။ သူတို့ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ကုသပေးထားပါတယ်။
အောင်သပြေအခြေစိုက် တပ်မတော်တပ်ရင်းနဲ့ နယ်ခြားစောင့်အဖွဲ့တို့က ပစ်ခတ်မှု ဖြစ်ခဲ့တဲ့နေရာမှာ အကြမ်းဖက်သမားတွေနဲ့ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေခဲ့ရာမှာ ပျောက်ဆုံးနေသူ စိန်လှမောင်နှင့် မောင်ငယ်ထွန်းတို့ရဲ့ အလောင်းတွေကို အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
အခုပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုးနားမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်ကိုင် ပစ်ခတ်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်ပုံ - ကျော်နိုင်ဦး











