တနင်္သာရီမြို့နယ်မှာ မြေပိုင်ဆိုင်ခွင့် မရတဲ့ တောင်သူတွေမှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် တာဝန်ရှိသူတွေ သိရှိနိုင်စေဖို့ အောက်တိုဘာ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ တားပလပ်ကျေးရွာရှိ တောင်သူတွေမှာ မြေယာ ပိုင်ဆိုင်ခွင့် မရတဲ့အပြင် စိုက်ပျိုးမြေတွေနဲ့ပတ်သက်ပြီး ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီရဲ့ တရားစွဲဆို ခံထားရတာနဲ့ပတ်သက်ပြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့၊ ကျေးရွာ တာဝန်ရှိသူတွေ၊ တောင်သူတွေ စုပေါင်းကာ သတင်းမီဒီယာတွေကို ခေါ်ယူပြီး ၄င်းတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှင်းလင်းခဲ့တာပါ။
"ကျနော်တို့ တောင်သူတွေက ဆီအုန်းပင်တွေကို ခုတ်သတ်နေတာ မဟုတ်ပါဘူး။ စားဝတ်နေရေးအရ တောရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဥယျာဉ်စိုက်ပျိုးနေတာပါ။ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့စိုက်ကွင်းကို ကွဲကွဲပြားပြား မပြောသလို တောင်သူတွေလည်း မသိပါဘူး။ လွတ်တဲ့နေရာတွေမှာ ဥယျာဉ်စိုက်နေတာပါ။ ဒါကို ကုမ္ပဏီပိုင်နက်ထဲ ရောက်တယ်ဆိုပြီး တရားစွဲတာပါ။ ကျနော်တို့ ဖြစ်စေချင်တာက တောင်သူတွေဟာ ရိုးသားစွာ လုပ်ကိုင် စားသောက်နေတာပါ။ မတရားမလုပ်ပါဘူး။ ကျနော်တို့ စည်းကမ်းဖောက်ဖျက်ရင် တရားစွဲ ဖမ်းဆီးပါ။ တားပလပ်ကျေးရွာမှာ ယာမြေ၊ ဥယျာဉ်ခြံတွေကို သတ်မှတ်ပေးပြီး သက်ဆိုင်ရာမှာ အခွန်အခ ပေးသွင်းချင်ပါတယ်"လို့ တောင်သူလယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောပါတယ်။
တားပလပ်ကျေးရွာမှာ ဆီအုန်းကုမ္ပဏီအတွင်း ကျရောက်နေတဲ့ ကျေးရွာတရွာဖြစ်ပြီး ကျေးရွာသားတွေမှ သီးနှံပင်စိုက်ပျိုးမှု ပြုလုပ်ရာမှ တရားစွဲခံထားရသူ ၃ ဦးအထိ ရှိနေကြောင်း သိရပါတယ်။
"ကျနော်တို့ လက်ရှိ ရွှေကမ္ဘောဇဆီအုန်းခြံထဲမှာနေတယ်။ တောင်သူတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထဲရေး ပေါက် ၂၅.၆၉ ဧကကို နိုင်ငံတော်က ချပေးထားတာပါ။ ဒီဧရိယာအတိုင်း နေထိုင်ဖို့အဆင်မပြေတဲ့အတွက် နောက်ထပ် ၁၆၁ ဧက ထပ်မံတိုးချဲ့တိုင်းတာထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တင်ပြထားပြီးသားပါ။ အဖြေ မထွက်သေးပါဘူး။ ကျနော်တို့ဘက်ကလည်း လက်ရှိနေထိုင်နေတဲ့နေရာကနေ နောက်ဆုတ်ပေးလို့ မဖြစ်ပါဘူး။ လူဦးတိုးပွားလာတာနဲ့ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်နဲ့ ဆောင်ရွက်သွားမှာပါ"လို့ တားပလပ်ကျေးရွာရာအိမ်မှူး ဦးဇော်နိုင်က ပြောပါတယ်။
တားပလပ်ကျေးရွာမှာ အိမ်ခြေ ၈၀ ခန့်ရှိပြီး ဥယျာဉ်စိုက်ပျိုးခြင်း လုပ်ကိုင်ကြကာ တောင်သူတွေကို တရားစွဲဆိုထားတာကြောင့် ကျောင်းသား ၂ ဦးကို ကျောင်းမှထုတ်ကာ လမ်းခင်းတဲ့နေရာမှာ အလုပ်လုပ်ကိုင်ကာ တရားရုံးစရိတ် ရှာနေရတယ်လို့ တောင်သူ ဦးလှဝင်းက ပြောကြားပါတယ်။
ရွှေကမ္ဘောဇ ဆီအုန်းစီမံကိန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဖြိုးက "တားပလပ်ကျေးရွာက တနင်္သာရီမြစ်ဖျားပိုင်းက ဒေသခံတွေကို နယ်မြေမတည်ငြိမ်တဲ့ အချိန်တုန်းက ပြောင်းရွှေ့ပေးထားတာပါ။ ကျနော်တို့ ဆီအုန်းစိုက်ပျိုးပြီးမှ ရောက်လာတာပါ။ ဒီနေရာတလျှောက်မှာတော့ ကျနော်တို့ နေရာတည်ပေးတာ ရွာတည်ပေးထားတာတွေ ရှိပါတယ်။ ရေဖြူအကျဉ်းစခန်းကနေ လွတ်လာတဲ့ အကျဉ်းကျပြီးတဲ့သူတွေကလည်း နေရပ်မပြန်ဘဲ ဒီမှာပဲ အခြေချနေထိုင်ကြတယ်။ တားပလပ်ရွာမှာလည်း ဒီလိုပဲ ရွာသားတွေနဲ့ရောပြီး နေရာတွေ ကျူးကျော်ထားကြတာပါ။ ကျနော်တို့ကလည်း နိုင်ငံတော်ရဲ့စီမံကိန်းကို အကောင်ထည်ဖော်ရသလို ဒေသခံတွေအတွက်လည်း အဆင်ပြေအောင် လုပ်ပေးနေပါတယ်။ ဒါပေမယ့် ကျူးကျော်လုပ်ပြီး မြေယာတွေကို အကွက်ရိုက် ရောင်းစားနေတာလည်း ရှိပါတယ်။ ကျနော်တို့ကုမ္ပဏီကိုတောင် ပြန်ပြီးတရားစွဲထားတာ တမှုရှိပါသေးတယ်။ ကျူးကျော်လုပ်ပြီးတဲ့အပြင် ကုမ္ပဏီရဲ့ စီမံကိန်းနေရာတွေထဲမှာ ဥယျာဉ်လာတည်ပြီး အမှုပြန်စွဲနေတာလည်း ရှိပါတယ်။ လက်ရှိ ကျနော်တို့လည်း အမှုရင်ဆိုင်နေရပါတယ်"လို့ ပြောပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ဆီအုန်းစီမံကိန်း အများအပြားရှိနေပြီး မြေယာပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ကုမ္ပဏီကြား အငြင်းပွားတာတွေ ရှိနေသလို ဖြေရှင်းဆောင်ရွက်တာ မလုပ်နိုင်သေးတဲ့ ကိစ္စရပ်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











