DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့နယ်မှ တံတားတစင်း ဖွင့်ပွဲလုပ်​ရန်​ ၁၅ ရက်​အလို၌ ​ရေလယ်တိုင် နိမ့်ကျမှုဖြစ်ပွား
DVB
·
October 24, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ရေငံကျေးရွာနားက ရေချောင်းမှာ ဂျပန်အစိုးရနဲ့ ပြည်သူတွေ ထောက်ပံ့ငွေနဲ့ တည်ဆောက်ထားတဲ့ ရေငံ-ဂွေးကုန်းတံတားဟာ ဖွင့်ပွဲပြုလုပ်ဖို့ ၁၅ ရက်ခန့်အလိုမှာပဲ တံတားအလယ်မှာ ၁ ပေခွဲလောက် နိမ့်ကျသွားတဲ့အတွက် ဖြတ်သန်းသွားလာမှုတွေကို ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါတံတားကို ဂျပန်သံရုံးရဲ့ ဆက်သွယ်ပေးမှုအရ ၂၀၁၆ ခုနှစ် နှစ်လယ်လောက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ တည်ဆောက်ပေးခဲ့တာ ဖြစ်တယ်လို့ တည်ဆောက်ရေး အစီအစဉ်တွေကို ကူညီပေးနေသူ နတ်မောက်မြို့နယ် ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဦးထွန်းဝင်းက ပြောပါတယ်။

“နိုဝင်ဘာ ၆ ရက်နေ့မှာ ဖွင့်ပွဲလုပ်ဖို့ စီစဉ်ပြီးကာမှ မိုး ရက်ဆက်ရွာတာကြောင့် ရေစီးက မပြတ်တော့ ရေလယ်တိုင် ကျွံကျပြီး တံတားအလယ်မှာ ၁ ပေခွဲလောက် နိမ့်သွားတယ်။ ဒါကြောင့် ဂျပန်သံရုံးက တာဝန်ရှိသူတွေ လာကြည့်ပြီး လိုအပ်သလို ဆောင်ရွက်မယ်လို့ သိရတယ်။ တာဝန်ယူ ဆောက်လုပ်တဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေလည်း အခု လာကြည့်ပြီး စစ်ဆေးမှုအချို့ လုပ်နေပါပြီ။”

အဆိုပါ ရေငံတံတားကို ရန်ကုန်မြို့အခြေစိုက် ဇော်ထက်ပိုင်ကုမ္ပဏီက ခွင့်ပြုငွေ အမေရိကန်ဒေါ်လာ ၁၁၅၀၀၀ နဲ့ တာဝန်ယူ ဆောက်လုပ်ခဲ့တာဖြစ်ပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ ပုဂ္ဂလိကလုပ်ငန်းတွေ ဖြစ်တာကြောင့် မိမိတို့အနေနဲ့ ကောင်းစွာမသိရဘူးလို့ နတ်မောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။

အောက်ခံမြေသားရဲ့ ခံနိုင်ဝန်ကို ကောင်းစွာ စစ်ဆေးသင့်ပြီး ချောင်းသဲပြင်ကို တူးဆွတဲ့ အခါ အမာခံမြေလွှာအထိ ရောက်အောင်တူးဖော်ပြီး အချိန်ပေး လုပ်ဆောင်သင့်ကာ ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့အတွက် ယင်းကဲ့သို့ တွေ့ကြုံရတာ ဖြစ်တယ်လို့ နတ်မောက်မြို့မှ တည်ဆောက်ရေးလုပ်ငန်း ကျွမ်းကျင်သူတချို့က သုံးသပ်ပြောဆိုပါတယ်။

အဲဒီလို တံတားရေလယ်တိုင် နိမ့်ကျသွားတာကြောင့် တံတားရဲ့ နေရာအချို့မှာလည်း အက်ကြောင်းတွေပေါ်နေပြီး ပြုပြင်ဆောင်ရွက်မှုတွေ ပြီးစီးမှသာ ဖွင့်ပွဲအခမ်းအနားကို ပြန်လည် ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ တံတားတည်ဆောက်ရေးမှာ ပါဝင်အကျိုးဆောင်ပေးနေသူ ဦးထွန်းဝင်းက ပြောပါတယ်။

တံတားရဲ့အလျားမှာ ၁၄၀ ပေ ရှိပြီး နတ်မောက်မြို့နယ်ထဲက လေးအိမ်-ဂွေးကုန်း- ရေငံ-ဝံအူ-ရွှေကွေ့ မြေသားလမ်းပိုင်းပေါ်မှာ တည်ရှိကာ နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး(တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013