DVB Logo
Home
Lead Story
ရာထူးတဖက် တာဝန်တဖက် ဘယ်ဘက်က အလေးသာနေကြပြီလဲ
DVB
·
October 24, 2017
ရာထူးတဖက် တာဝန်တဖက် ဘယ်ဘက်က အလေးသာနေကြပြီလဲ
Donate to DVB

ရာထူးဆိုတာ ထမ်းဆောင်မည့်တာဝန်နှင့် ညီမျှတဲ့ အကျိုးခံစားခွင့်ဆိုလည်း မှန်တယ်။ လုပ်ရမယ့် ဝတ္တရားအတွက် အထောက်အကူပြုတဲ့ အဆောင်အယောင်ဆိုလည်း မှန်ပါတယ်။

ကျနော်တို့လူ့အဖွဲ့အစည်းမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသင်းအပင်းတွေ ဖွဲ့ကြရတယ်။ စနစ်တကျ စီစဉ်ဆောင်ရွက်ကြရတယ်။ ကြီးစဉ်ငယ်လိုက်၊ ပညာအနိမ့်အမြင့်အလိုက် လုပ်ဆောင်ကြရတဲ့အခါ ကိုယ်စီထမ်းဆောင်ရတဲ့ တာဝန်ဆိုတာ ပါလာပါတယ်။

တဖက်မှာလည်း ဒီတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ဝန်ထုပ်အကြီးအငယ်ပေါ် မူတည်ပြီး ရာထူးအာဏာတွေ ပိုင်ဆိုင်ကြရပါတယ်။ တကိုယ်တော်နေထိုင်လို့ရတဲ့ လောကကြီးမဟုတ်သလို လူမျိုးတမျိုးတည်း၊ နိုင်ငံတနိုင်ငံတည်း နေထိုင်လို့ရတဲ့ ကမ္ဘာကြီးလည်း မဟုတ်တော့ပါဘူး။

ဒါကြောင့် တာဝန်ခွဲဝေမှု၊ ရာထူးအာဏာရမှုတို့ဟာ မိမိတို့ရဲ့ အသိုက်အဝန်းမှာတင် မကတော့ဘဲ လူ့အဖွဲ့အစည်းတခုလုံးနှင့် ဆက်စပ်နေတာဟာ ရှောင်လွှဲလို့မရတဲ့ ကိစ္စရပ်ကြီးလည်း ဖြစ်ပါတယ်။ ဒီလို ထမ်းဆောင်ကြရတဲ့အခါ လူတချို့ဟာ တာဝန်ကိုယူရင်း မေ့လောက်စေတဲ့ အကြောင်းတရားတွေ ဖြစ်လာပါတယ်။

ဘာကြောင့်လဲဆိုရင် တာဝန်နှင့်ရာထူးဟာ တွဲပါနေတဲ့အတွက် ရာထူးပေါ်မှာ အလေးသာသွားပြီး တာဝန်အပေါ်မှာ အလေးလျော့သွားပါတယ်။ ဒါကြောင့် တချို့ ရာထူးကြီးကြီး ရှိတဲ့သူတွေ တာဝန်ပျက်ကွက်မှုတွေ ဖြစ်နေတာတွေ၊ တာဝန်ချိန်ကို မလေးစားတာတွေ၊ တာဝန်နဲ့ ညီမျှတဲ့ ပြုမူဆောင်ရွက်မှုတွေကို မလုပ်ဆောင်တာတွေကို တွေ့ကြရတာပါ။

စာရေးဆရာကြီး အောင်သင်း ပြောခဲ့ဖူးတဲ့ စကားတခွန်းရှိပါတယ်။ လူဆိုတာ တာဝန်သိရမယ်၊ တာဝန်ယူရမယ်၊ တာဝန်ကိုလည်း ထမ်းဆောင်ရမယ်ဆိုပါတယ်။ ဒီသုံးခုစလုံးနဲ့ မညီမျှခဲ့ရင် တဦးတယောက်တည်း ဘဝမှသည် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတွေဟာ ဒဏ်ခံကြရပါတယ်။

ခုလတ်တလော သတင်းတွေ တွေ့နေရတဲ့ထဲမှာ ရခိုင်ပြည်ဘက်က အရေးအခင်းတွေပါ၊ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ခ်ျဘက်ကိုလည်း သိန်းချီ ထွက်ပြေးကြတယ်။ ရခိုင်ပြည်တွင်းဘက်ကိုလည်း သိန်းချီ ဝင်ပြေးကြတယ်။

ခုထိ အစိုးရက ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးနိုင်တာမျိုး မရှိသေးပါဘူး။ တချို့ ကယ်ဆယ်ရေးစခန်းတွေမှာဆိုရင် ဆယ်တန်း၊ ကိုးတန်းနှင့် တခြားအတန်းက ကလေးငယ်တွေ ပါနေတာပါ။ ခုဆိုရင် ကျောက်တော် ကယ်ဆယ်ရေးစခန်းမှာ ဆယ်တန်းစာသင်ဝိုင်းတဝိုင်း၊ စစ်တွေမြို့ ဗုဒ္ဓကျေးဇူး ဘုန်းတောင်ကြီးကျောင်းမှာ တဝိုင်း၊ နီးစပ်ရာဆရာတွေက သင်ပေးနေကြပါတယ်။

သူတို့ထဲက တချို့ကို မေးကြည့်တော့ မောင်တောဒေသမှာ သူတို့ စာသင်ကျောင်းအနီးမှာ တိုက်ပွဲဖြစ်နေတာကို မြင်တွေ့ခဲ့ရတဲ့ကလေးတွေ ဖြစ်နေတာပါ။ ဒီလို အထိတ်တလန့်နဲ့ ထွက်ပြေးလာတဲ့သူတွေအတွက် အစိုးရ တာဝန်ရှိသူတွေက လုံခြုံ အေးချမ်းတဲ့ စာသင်ဆောင်တွေ၊ စာသင်ကြားရေးအတွက် အထောက်အကူပစ္စည်းတွေကို လုံလောက်စွာ မပေးနိုင်ကြပါဘူး။

ဒါဟာ ကိစ္စများစွာထဲက တခုသာဖြစ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ဆီက အစိုးရတာဝန်ရှိသူတွေဟာ ယူထားတဲ့တာဝန်နှင့် ထမ်းဆောင်နေတဲ့ ရာထူးသာရှိပြီး တာဝန်ယူနိုင်စွမ်း နည်းကြတာကို တွေ့ရပါတယ်။ နောက် မိဘမဲ့ဖြစ်သွားတဲ့ တချို့ကလေးငယ်တွေဟာ ဟိုတယောက်၊ ဒီတယောက် ရောက်သွားကြပါတယ်။

အရေးအခင်းကာလက စစ်တွေမှာ အလည်လာနေရင်း ကျန်ရစ်တဲ့ကလေးတွေ၊ နောက် မိဘမဲ့သွားတဲ့သူတွေအတွက် အစိုးရမှာ တိကျတဲ့မူဝါဒ မရှိသလိုဖြစ်တော့ ဟိုတယောက်၊ ဒီတယောက် မွေးစားဖို့ ရောက်လာကြတာတွေ ရှိပါတယ်။

ဒီလိုရောက်လာကြတဲ့အခါ တချို့က စေတနာမှန်ပေမယ့် တချို့က အိမ်မှာ တောက်တိုမယ်ရ ခိုင်းချင်တဲ့စိတ်နဲ့ ရောက်လာတာသာဖြစ်ကြောင်း ကယ်ဆယ်ရေးစခန်းမှာ တာဝန်ကျသူတချို့က ပြောပါတယ်။ ဒါတွေဟာ တာဝန်ယူမှုမဲ့တဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေလို့တောင် ဆိုနိုင်ပါတယ်။

ရာထူးအာဏာရလာတဲ့အခါ ဒါတွေနဲ့လျော်ညီတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာပါ။ လျော်ညီစွာ မထမ်းဆောင်သူတွေကြောင့်လည်း နိုင်ငံအနေနှင့် ခုထိ ပြဿနာတွေ အများစုကို ရင်ဆိုင်နေကြရတာပါ။

နိုင်ငံရေးပေါ်လစီ ဘယ်လိုပဲကောင်းကောင်း၊ စီးပွားရေးပေါ်လစီ ဘယ်လိုပဲ ချမှတ်ပါစေ၊ တာဝန်ယူမှုအပိုင်းမှာ လစ်ဟင်းရင် အိတ်ပေါက်နဲ့ ဖားကောက်သလိုသာ ရှိနေမှာပါ။ ကျနော်တို့နိုင်ငံရဲ့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ လုပ်ထုံးလုပ်နည်းတွေထဲမှာ ညွှန်ကြားချက်ပေးလိုက်ရင် ပြီးပြည့်စုံတယ်လို့ ယူဆပြီး တာဝန်ကို တကယ်ရော ထမ်းဆောင်ကြရဲ့လားဆိုတဲ့ စိစစ်မှု အားနည်းတာပါ။ ဒါကြောင့်လည်း ရဲတွေ ထူထပ်စွာချထားတဲ့ နေရာတွေက မူးယစ်ဆေးတွေ လွတ်မြောက်နေတတ်တာမျိုးတွေ ရှိနေခဲ့တာပါ။

ခုလက်ရှိမှာလည်း ရပ်ကွက်ထဲက ရှိုးဝိုင်းတွေ၊ ကြေးကြီးကြီးဖဲဝိုင်းတွေဟာ ပန်းပန်လျက်ပဲ ရှိနေပါသေးတယ်။ ဆိုင်ရာ တာဝန်ကျတဲ့သူတွေလည်း ရှိနေကြတာပါပဲ။ သို့သော်လည်း တာဝန်သိစိတ်နဲ့ တာဝန်ထမ်းဆောင်တာမျိုးတွေ ယိုယွင်းတဲ့အခါ မသမာမှုဟာ ရှင်သန်နေတာပဲ ဖြစ်ပါတယ်။

ဒီလို ရာထူးအာဏာကို ခန့်အပ်တဲ့အခါမှာလည်း လိုအပ်တဲ့ စိတ်ဓာတ်ရေးရာတွေကို ဆန်းစစ်တာမျိုးလည်း နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း မိမိတို့တာဝန်၊ ရာထူးနှင့်မညီမျှတဲ့ အမှားကျူးလွန်မှုတွေကို လုပ်တတ်ကြတာပါ။

၅၃ နှစ်မြောက် ရဲတပ်ဖွဲ့နေ့မှာ စစ်တွေက ရဲအရာရှိကြီးတဦးရဲ့ကတော်က တခြားရဲဘော်တဦးရဲ့ မိန်းမကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာတွေ၊ စက်တင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်က မြို့နယ်ပညာရေးမှူးက ရုံးမှာ ညစောင့်လုပ်တဲ့သူကို ပညာရေးဝန်ထမ်းတွေရှေ့မှာ ဖိနက်ကိုချွတ်ပြီး ပါးရိုက်မှု စတာတွေဟာ ရာထူးနှင့်မလျော်ညီတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး တာဝန်ကြီးကြီးကို ထမ်းဆောင်နေတဲ့သူတွေ၊ ဆက်နွှယ်တဲ့သူတွေရဲ့ မလိုလားအပ်တဲ့ အကျိုးဆက်ပြဿနာတွေ ဖြစ်ပါတယ်။

နောက် အကျဉ်းထောင်ကျသူတွေရဲ့ လူမှုဒုက္ခ၊ သောကတွေကို စာနာမည့်အစား  ခုထိ စောင့်ရှောက်မှု၊ တာဝန်ယူမှု အားနည်းတာတွေကို တွေ့ရတဲ့အခါ သက်ဆိုင်ရာ ရာထူးနဲ့ တာဝန်ရှိသူတွေကို တွေးကြည့်မိပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်နေတာတောင် ကျေန်ာတို့နိုင်ငံက အကျဉ်းထောင်တွေဟာ ပိုမိုကောင်းမွန်မှု မရှိသေးတာကို သိနေရပါတယ်။ ဒါဟာ ယုံကြည်ချက်အတွက် ထောင်ကျခံခဲ့ရသူတွေများခဲ့တဲ့ လက်ရှိ ဒီမိုကရေစီအစိုးရကိုယ်တိုင် လေ့လာသုံးသပ်ရမယ့် အဖြစ်ပါ။

အောက်တိုဘာ ၁၁ ရက်နေ့ထုတ် 7 DAY NEWS ဂျာနယ်မှာပါတဲ့ သတင်းတပုဒ်မှာတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဆေးရုံသုံးခုမှာ အချုပ်သားလူနာဆောင်တွေ ဆောက်လုပ်မယ်လို့ ဆိုပါတယ်။ စစ်တွေ၊ ဘူးသီးတောင်၊ သံတွဲ စတဲ့မြို့နယ်တို့မှာ တည်ဆောက်ပေးသွားမယ်လို့ ဆိုပါတယ်။

အဆိုပါသတင်းထဲမှာပဲ နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က နိုင်ငံတဝန်းလုံး အကျဉ်းထောင် ၆၆ ခု ရှိသော်လည်းပဲ အကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များ ခန့်အပ်ထားခြင်းမရှိလို့ ပြောထားတာကို တွေ့ရပါတယ်။

အပြင်မှာ နေမကောင်းဖြစ်ရင် ဆရာဝန်ပြောင်းကုလို့ ရပေမယ့် အထဲမှာ နေမကောင်းဖြစ်ရင် ပြောင်းကုလို့မရတဲ့အပြင် ဆရာဝန်ပါ မလုံလောက်ဘူးဆိုတော့ ဘယ်လိုဘေးဒုက္ခတွေ ကြုံတွေ့ရတယ်ဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။

ဒီလိုထောင်မျိုးကိုလည်းပဲ ရာထူးကြီးတဲ့သူတွေ၊ တာဝန်ကြီးတဲ့ပုဂ္ဂိုလ်တွေ ကိုင်တွယ်ကြရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့နိုင်ငံက ရာထူးကြီးတဲ့သူတွေဟာ တာဝန်ဘက်ကို အလေးသာဖို့ လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013