DVB Logo
Home
မြန်မာသတင်း
မဟာအောင်မြေမြို့နယ်မှာတော့ မဲစာရင်း အမှားအယွင်းများ
DVB
·
April 1, 2012
မဟာအောင်မြေမြို့နယ်မှာတော့ မဲစာရင်း အမှားအယွင်းများ
Donate to DVB

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာတော့ မဲစားရင်း အမှားအယွင်း အများကြီး ဖြစ်နေသလို မဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတယ်တဲ့ ပုံစံဖြစ်နေတယ်လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

မဟာအောင်မြေမြို့နယ်ထဲက မဲပေးမှုအခြေအနေက ဘယ်လိုရှိပါလဲ။

“မဲပေးမှုအခြေအနေက မှားယွင်းမှုတွေ အများကြီးဖြစ်နေတယ်။ ပထမဆုံး စဖြစ်တာကတော့ မဲလက်မှတ်မှာ မဲဆန္ဒရှင်က လာပြီးတော့ သူတို့မဲပေးချင်တဲ့ နေရာမှာ ခြစ်လိုက်တဲ့အခါကျတော့ ဘောလ်ပင်က မထင်ဘူး။ မထင်တာ ရိုးရိုးမထင်တာ မဟုတ်ဘူး။ အောက်က ဖယောင်းသုတ်ထားတာမျိုး ဖြစ်နေတယ်။ အတင်းဖိခြစ်တော့ မဲလက်မှတ်က ထင်သွားတယ်။ သေချာကြည့်လိုက်တော့ ၂ ခါထပ်ပြီး ပေးလိုက်သလို ဖြစ်နေတာပေါ့။ အဲဒီတော့ မဲရုံမှူးကို သွားပြီးတော့ ပြဿနာ လုပ်တယ်။ မဲဆန္ဒရှင်က မဲလက်မှတ် အသစ်ထုတ်ပေးပါဆိုတော့ မပေးနိုင်ဘူးတဲ့။ ကော်မရှင်က တယောက်ကို တမဲပဲတဲ့၊ ဒါကအပျက်ကြီးတဲ့။ မပေးနိုင်ရင်လည်း ယူသွားလို့မရဘူး။ ပုံးထဲထည့်ခဲ့ဆိုပြီး အတင်းထည့်ခိုင်းတယ်။ ပထမဆုံးဖြစ်ရပ်ပါ။ နောက်ဖြစ်ရပ်တခုကတော့ မဲရုံက မီးပျက်သွားတယ်။ မနေ့က အာမခံထားတာ မီးမပျက်စေရပါဘူးတဲ့။ မနက် ၅ နာရီခွဲလောက်က မဲရုံဖွင့်ပြီးမှာ ၆ နာရီထိုးဖို့ ၁၀ မိနစ်အလိုမှာ မီးပျက်သွားတယ်။ မီးပျက်သွားတော့ မဲလက်မှတ်ထုတ်ပေးတဲ့ တာဝန်ရှိတဲ့လူက မဲပြားကို ဖြဲလိုက်တာပေါ့။ မဲပြားပြဲသွားတယ်။ လေးငါးပြားလောက် ပြဲသွားတယ်။ အဲဒါကို ပယ်တာမလုပ်ဘဲ အမှောင်ထဲမှာပဲ မဲပေးတဲ့သူကိုပေးတယ်။ မဲဆန္ဒရှင်တွေကလည်း မှုန်ဝါးဝါးနဲ့ မဲပေးခဲ့တယ်။ ခြစ်ပြီးထည့်ခဲ့တာ အဲဒီမဲတွေက ပယ်မဲဖြစ်မလားဆိုတာ စိုးရိမ်နေကြပြီ။ ကျနော်တို့ဆီကို လာပြီးသတင်းပို့တယ်။ ဘာမှအကူအညီ မပေးနိုင်တော့ဘူး ဖြစ်သွားတယ်။

“နောက်တချက် ပိုဆိုးတာက သံလျှက်မှော် အရှေ့ရပ်ကွက်နဲ့ သံလျှက်မှော် အနောက်ရပ်ကွက်က မဲရုံ ၂ ရုံမှာ မဲပြားထုတ်ပေးတဲ့ ဆရာမက မဲပြားကို နေရာမှားပြီးဖြတ်တယ်။ မဲပြားက ဒီတခါ ထီလက်မှတ်လို အုပ်နဲ့လုပ်ထားတာ၊ တအုပ်ကို အပြား ၅၀ နီးပါးလောက် ပါတယ်။ ဖြတ်ရမယ့် နေရာမှာ စက်နဲ့ဖောက်ထားတာ၊ အဲဒါကို ဆရာမက မဲပြားထုတ်တဲ့အခါ အဲဒီနေရာက မဖြတ်ဘဲနဲ့ လက်ငါးလုံးလောက် အကွာကနေ မျဉ်းတံနဲ့ ဖိပြီးတော့ မဲပြားကို ကပ်လိုက်တယ်။ မဲပြားရဲ့ ခေါင်းစဉ်က အဲဒီမှာကျန်နေခဲ့တယ်။ မူရင်းမှာ ကျန်နေခဲ့တယ်။ ဘာခေါင်းစဉ်လဲဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂ ဧပြီ ၁ ရက်ဆိုတာပေါ့။ ခေါင်းစည်းကကျန်နေခဲ့ပြီး အောက်က ကိုယ်စားလှယ် ၈ ယောက်လုံး နာမည်ကတော့ ပါတယ်။ အဲဒါက မဲပြား ၈၀၀ လောက် ပေးထားပြီးတော့မှ အန်အယ်လ်ဒီက မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားတဲ့ ကလေးတွေက စမ်းပြီးဖြဲကြည့်လိုက်တဲ့အခါကျတော့ မဲပြားတွေက ပုံမမှန်တာတွေ ဖြစ်နေတယ်။ သူတို့က မဲရုံမှူးကို သတင်းသွားပို့တယ်။ မဲရုံမှူးမဲပြားတွေက ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ်။ အဲဒီတော့မှသိတယ်၊ ဆရာမက တောင်းပန်တယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေကို တောင်းပန်တာ အရေးမကြီးဘူး။ ပယ်မဲလုပ်လိုက်ရင် နစ်နာမယ်ဆိုပြီးပြောတော့ ကျမအာမခံပါတယ်၊ ပယ်မဲ မဖြစ်စေရပါဘူးလို့ အလေ့အကျင့် မရှိတော့ မှားတာပါလို့ ပြေလည်အောင် ဖြေရှင်းသလိုနဲ့ လုပ်ထားလိုက်တယ်။ နောက်တရုံကျတော့ သံလျှက်မှော်က မဲရုံ ၁ မှာတော့ အဲဒီလိုပဲ ဆင်တူမှားတာပဲ။ ဒီရပ်ကွက်တခုထဲမှာ အချိန်ကိုက်ပြီး မှားသလို ဖြစ်နေတယ်။ အဲဒီမှာမှားတာ များတယ်။ မဲပြားအရေအတွက် ၁၈၀၀ လောက် ထုတ်ပြီးနေပြီ။ အဲဒီမှာလည်း ကျနော်တို့ မဲရုံကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ပေးထားတဲ့ လူငယ်အမျိုးသမီးကလေး ၂ ယောက်က မဲပေးတဲ့ နေရာကိုသွားပြီး ကြည့်တော့မှ သွားတွေ့တာ၊ သွားတွေ့တော့ မဲရုံမှူးကို သတင်းပို့တယ်။ မဲရုံမှူးက ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေတော့ မဲပြားဖြတ်တာတော့ ပြန်ပြင်ပေးလိုက်တယ်။ အဲဒီအချိန်မှာ ၁၈၀၀ လောက် မဲပုံးထဲ ရောက်နေပြီ။ ကျနော်တို့သွားတဲ့အချိန်မှာ တခြားပါတီတွေလည်း ရောက်နေတယ်။ ကျနော်တို့လည်း ရောက်သွားတော့ ဆရာမ ဒါကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတော့ ကျမတို့ဘက်က မှားတာတော့ မှန်ပါတယ်။ ပါတီထဲက ကိုယ်စားလှယ် ၅ ယောက်လုံးကို ခေါ်မယ်၊ ဒါတွေကို ပယ်မဲမလုပ်ဘူး၊ သဘောတူလားလို့ မေးမယ်။ သဘောတူတယ်ဆိုရင် လက်မှတ်ထိုးပါ။ ဒါတွေကို မြို့နယ်ကော်မရှင်ကို တင်ပေးမယ်။ အဲဒီလို သဘောတူဖို့ဆိုတာလည်း မလွယ်ဘူး။ ပါတီ ၅ ခုလုံးက မလွယ်ဘူး။ ကျနော်တို့ကတော့ မြန်မြန် ခေါ်ချင်တယ်။ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းချင်တယ်။ ညနေထိ မစောင့်နဲ့၊ ကျနော်ဖြစ်ချင်တာက ဒါတွေက ဆရာမ လုပ်ပိုင်ခွင့်ထဲမှာ ရှိတယ်။ ပြီးမှတင်ပြပါ။ သဘောရိုးနဲ့ မှားသွားတာဆိုပြီး ပြောဖို့ အကြံပေးခဲ့တယ်။ ”

“မြို့နယ် ကော်မရှင် ဥက္ကဋ္ဌကို ကျနော်သွားပြီး တင်ပြတယ်၊ အခုပဲ ကျနော် အဲဒီက ပြန်လာတာ။ တင်ပြတဲ့အခါကျတော့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌက မရဘူး။ ဥပဒေအရ ဒါတွေက ပယ်မဲ ဖြစ်သွားပြီတဲ့။ မဲဆန္ဒရှင်တွေရဲ့ မဲ ၂၀၀၀ လောက်က ကျနော့် မဲဆန္ဒနယ်မှာ ပယ်မဲ ဖြစ်သွားပြီ။ ဘာမှ မလုပ်ရဘဲနဲ့။ မဲဆန္ဒရှင်တွေဘက်က မှန်မှန်ကန်ကန် မဲပေးပါတယ်။ စေတနာနဲ့ လာပြီးတော့ ဂရုတစိုက်လာပြီးတော့ ကြိုးကြိုးစားစား လာမဲပေးတယ်။ ဒါပေမယ့် ကော်မရှင်က သင်တန်းပေးထားပါတယ် ဆိုတဲ့ မဲရုံတာဝန်ယူတဲ့ လူတွေရဲ့ မမှန်မကန်လုပ်မှုကြောင့် မဲတွေ ဆုံးရှုံးရမယ့် အနေအထားမှာ ဖြစ်နေတယ်။ ဗဟိုကိုလည်း ကျနော် သတင်းပို့ထားပါတယ်။  အဲဒီအနေအထားပဲ။

“နောက်တနေရာမှာကတော့ ရဲမွန်တောင် မဲရုံအမှတ် ၁ မှာ ပုဂ္ဂိုလ် ၂ ယောက်ကပေါ့။ မှတ်ပုံတင် အတုလား ဘာလား မသိဘူး ကျနော် ဒီက မဲပေးမယ့် လူ ၂ ယောက်က မှတ်ပုံတင်ကိုင်ပြီး သွားတဲ့အခါကျတော့ မဲစာရင်းထဲလည်း ပါတယ်။ မှတ်ပုံတင်လည်း ပါတယ်၊ မှတ်ပုံတင် နံပါတ်လည်း မှန်တယ်၊ အဖေအမေ နာမည်လည်း မှန်တယ်၊ မဲပြားထုတ်ဖို့ သွားတဲ့အခါကျတော့ ထုတ်သွားပြီးပြီ ဆိုပြီ လက်မှတ်ကို ထုတ်ပြတယ်။ မရတော့ဘူး။ အဲဒီမှာ တယောက်က လာထုတ်ပြီးတော့ မဲပေးသွားပြီတဲ့။ ဟာ ဆရာမ ကျနော်တို့က အခုမှလာတာ အခုမှ မဲပေးမလို့ သေချာအောင် ခုနလေးက မှတ်ပုံတင်နဲ့ စစ်ဆေးပြီးတော့ ပေးလိုက်တာပါလို့ ဆိုတော့ မှတ်ပုံတင်စစ်ဆေးရင်တော့ ဒီလူ ဘယ်လိုမှ လွဲစာရာအကြောင်းမရှိဘူး။

“အဲဒီတော့ ဘယ်လို ဖြစ်သွားတာလဲ ဆိုပြီးတော့ ကျနော်က မြို့နယ်ကော်မရှင်ကို သွားပြီး တိုင်တယ်။ ဒါလိမ်လည်ပြီးတော့ မဲပေးတဲ့ သဘောဖြစ်နေတယ်။ ဒါ အရေးယူပေးပါလို့ ဆိုတော့ ခင်ဗျားတို့ တိုင်တာ တောတာနဲ့ ရဲတိုင်တာ အမှုဖွင့်တာ လုပ်ပေါ့။ ဒါပေမယ့် အခုလောလောဆယ် မဲမပေးရသေးတဲ့ မဲဆန္ဒရှင် ၂ ယောက်ကို မဲပေးဖို့အတွက် အကူအညီ ပေးပါဆိုတော့ မပေးနိုင်တော့ဘူး။ ဒါ မဲပေးပေးပြီးပြီလို့ သတ်မှတ်ရတော့မှာတဲ့။ ဟိုမှာ အမှုဖွင့်ပြီး တရားစွဲပါ့မယ်တဲ့ အဲဒီလို ပြောတယ်။ အဲဒီ ၂ ယောက်ကလည်း မဲပေးခွင့် မရဘဲနဲ့ ဆုံးရှုံးသွားပြီပေါ့။ နောက်လည်းပဲ ကျနော့်မြို့နယ်ထဲမှာ အခု ဖြစ်တာကတော့ ကျနော်တို့လည်း နှစ်ကြိမ်လောက် စစ်ပြီးတော့ မဲစာရင်းတွေ ပို ပြည့်စုံသထက် ပြည့်စုံအောင် ကျနော်တို့လည်း လိုက်ပြီးတော့ ကြိုးစားတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ဆယ်အိမ်ခေါင်းတို့က လုံးဝ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ ကျနော်တို့ စေတနာကိုလည်း သူတို့က လက်မခံဘူး။ အခုကျတော့ ဘာတွေ complain ဖြစ်နေလဲဆိုတော့ ဒီနေ့ကျမှ တခါတည်း မဲပေးမလို့ ရောက်လာပြီးတော့ မဲပေးချင်ပါတယ်။ မဲပေးခွင့် မရလို့ပါဆိုပြီးတော့ ကျနော်တို့ မြို့နယ်ရုံးကို လာလာပြီးတော့ တင်ပြတဲ့လူက ထောင်ဂဏန်းလောက် ရှိနေတယ်။ မဲစာရင်း မသေချာမှုပေါ့။ အဲဒါတွေက သူတို့ ၂၀၁၀ တုန်းက စပြီးလုပ်ခဲ့တာလို့ ပြောတာပဲ။ ကျနော် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ အဲဒါပဲ။ အခုထိပေါ့။  ညနေပိုင်းကျ ဘာတွေကြုံဦးမလဲ မပြောတတ်ဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013