ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာသမ္မတ ပြောကြား
မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၂၄ ရက်မှာ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက ပြောကြားထားတာဖြစ်ပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက အပြင်းအထန် ပြစ်တင်ဝေဖန်နေချိန်မှာ ခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
“ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစ၍ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးကို နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တခုအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနေ့ အခါသမယမှာ ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် ယုံကြည်မှုအား ထပ်လောင်းအတည်ပြုလိုပါသည်။ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်”လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ယနေ့ ကမ္ဘာ့ရေးရာတွေဟာ ကုလသမဂ္ဂ စတင်တည်ထောင်တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၇ စုကျော်က အချိန်နဲ့ များစွာ ကွာခြားနေပေမယ့် ကုလသမဂ္ဂရဲ့ ပဋိညာဉ်ပါ အခြေခံမူတွေဟာ ဆက်လက်ဆီလျော်မှန်ကန်နေဆဲ ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံတွေအကြား ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု တိုးတက်ရေးအတွက် လမ်းပြမြေပုံတခုအဖြစ် တည်ရှိနေဆဲ ဖြစ်တယ်၊ ဒါပေမယ့် ပြောင်းလဲလာတဲ့ အခြေအနေတွေကို ထင်ဟပ်စေဖို့နဲ့ ပိုမိုထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မြန်မာသမ္မတက ပြောပါတယ်။
နုနယ်သေးတဲ့ ဒီမိုကရေစီနိုင်ငံတနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေမယ့် အစိုးရအနေနဲ့ အဆိုပါ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ဖြေရှင်း ကျော်လွှားရေးအတွက် ပြည်သူတွေရဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံတကာမှ မိတ်ဆွေတွေရဲ့ စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှုတွေနဲ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ကမ္ဘာ့နိုင်ငံတွေအကြား ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက်ရေးနဲ့ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ဒီမိုကရေစီ အသိုက်အဝန်း ပေါ်ပေါက်စေရေး ရည်မှန်းချက်တွေနဲ့ ၁၉၄၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိပါတယ်။
၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆောင်ပုဒ်ကတော့ “ရေရှည်တည်တံ့ ခိုင်မြဲသော ကမ္ဘာပေါ်ရှိ လူသားများအားလုံးအတွက် ငြိမ်းချမ်းမှုနှင့် သင့်လျော်သည့် လူနေမှုဘဝ ရရှိရေး ပြည်သူများကို အလေးပေး” ဖြစ်ပါတယ်။
ဓာတ်ပုံ-သမ္မတရုံး











