DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအမျိုးသမီးတဦးအသတ်ခံရ
DVB
·
October 23, 2017
မဲဆောက်တွင် မြန်မာအမျိုးသမီးတဦးအသတ်ခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ သတ်ဖြတ်ခံထားရတဲ့ မြန်မာအမျိုးသမီးတဦး အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်နေ မဒီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အမျိုးသမီးမှာ မသီသီဝင်း ဆိုသူဖြစ်ပြီး သူမရဲ့ အလောင်းကို ထာ့ဆိုင်လုတ်အုပ်စု  ဘန့်နောင်ကိန်ဖရပ်ကွက်ရှိ မြက်တောတွေထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိကာ မဲဆောက်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

မဲဆောက်ရဲတပ်ဖွဲ့ဝင်တဦးက မသီသီဝင်းမှာ မသေဆုံးခင် ခန္ဓာကိုယ်ရိုက်နှက်ခံရပြီး အဓမ္မကျင့်ခံထားတဲ့ပုံစံ တွေ့ရှိရကြောင်း၊ သူမအလောင်းကို လိုအပ်သလို ဆက်လက်စစ်ဆေးဖို့ မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဆုံးသူ မသီသီဝင်းရဲ့ ဆွေမျိုးတွေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ အစ်ကိုဖြစ်သူ ဦးဝင်းကိုကိုက မသီသီဝင်းမှာ အသက် ၄၀ ရှိပြီး ခင်ပွန်းသည်နဲ့ သားသမီး ၂ ယောက်ရှိကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် မနက်က မြ၀တီချစ်ရေး တံတားနားရှိ လ၀က ရုံးမှာ ဗီဇာတံဆိပ်တုံးသွားထုရာက ပျောက်ဆုံးသွားပြီး ၂၁ ရက်နေ့ ညနေပိုင်းမှာမှ အလောင်းအနေနဲ့ ပြန်တွေ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သူ အဲဒီနေ့က ဗီဇာတုံးထုဖို့ အငှားသုံးဘီးစီးနဲ့ ထွက်သွားတယ်ခင်ဗျ။  သူပြန်မလာတော့ မိသားစုတွေလိုက်ရှာတာ။ လ၀ကရုံးကို သွားမေးကြည့်တော့ မနက် ၉ နာရီ ၄၁ မိနစ်မှာ တုံးလာထုသွားပြီလို့ ပြောတယ်။ သူတို့သွားတာ မိန်းကလေး ၃ ယောက်၊ ကျန်တဲ့ ၂ ယောက်က မြန်မာဘက်ခြမ်း ပြန်ဝင်သွားတယ်။ သူကတော့ အငှားဆိုင်ကယ်နဲ့ ပြန်လာတယ်လို့ မျက်မြင် တွေက ပြောတယ်။ သူ့ကိုရှာမတွေ့တော့ ကျနော်တို့လည်း အွန်လိုင်းကနေလည်း ကြော်ငြာတယ်။  စနေနေ့ညကတော့ ရဲတွေက သူ့အလောင်းနားတွေ့တဲ့ ဖုန်းစာအုပ်ကနေ ဆက်တော့ ကျနော့်ဆီ ဖုန်းဝင်လာတာ၊  အမျိုးသမီးအလောင်းတွေ့တယ်ပြောလို့ ကျနော်တို့သွားကြည့်တာ အလောင်း က ပုတ်ပြီးပျက်စီးနေပေမယ့် ကျနော်တို့သိပါတယ်။ အဲဒါ ကျနော့်ညီမလေးအလောင်း။ သူ့မျက်နှာမှာရော၊ ကိုယ်မှာရော ရိုက်ထားလိုက်တာ၊ အနားမှာ သွေးပေတဲ့တုတ်လည်း တွေ့တယ်။ ခန္ဓာအောက်ပိုင်းကဗလာ ဘာအ၀တ်မှ မရှိတော့ဘူး။ အပေါ်ပိုင်း အင်္ကျီပဲကျန်တယ်။  သူ့ရဲ့ လက်ဝတ်လက်စားတွေရော၊ တယ်လီဖုန်း ၂ လုံးပါ မရှိတော့ဘူး။ ကျနော့်ညီမ တကယ် အေးအေးလေးပါ။ ဘယ်သူနဲ့မှ ရန်ဖြစ်တာလည်း မရှိဘူး။”

မသီသီဝင်းရဲ့ လက်ဝတ်လက်စားတွေမှာ တမတ်သားအလေးချိန်ရှိ ရွှေလက်စွပ် တကွင်း၊ ငါးမူးသား လက်ကောက်တရံနဲ့ တမတ်သားခန့်ရှိ နားကွင်းတရံ၊ တယ်လီဖုန်း ၂ လုံး ကိုပါ ယူသွားတယ်လို့  ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေက ချစ်ကြည်ရေးတံတားအနီးရှိ အငှားဆိုင်ကယ်၊ သုံးဘီးသမားတွေအားလုံး ခေါ်ယူစစ်ဆေးသွားမှာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောကြောင်း ဦးဝင်းကိုကိုက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013