
ကချင်ပြည်နယ် တနိုင်းဘက်မှာ ပယင်းမှော်တွေ ပိတ်ထားလို့ ပစ္စည်းရှားသွားပြီး ပယင်းဈေးကွက်မြင့်တက်နေတယ်လို့ ပယင်းကုန်သည်တွေက ပြောပါတယ်။
တနိုင်းဘက်က ပယင်း မှော်နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ပယင်းမှော်တူးဖော်ရေး လုပ်ငန်းတွေ ရပ်နားထားရတာတွေရှိပါတယ်။
လက်ရှိမှာ ပယင်းကျောက်ကုန်ကြမ်းတွေ ရှားလာလို့ ပယင်းဈေးကွက်မြင့် တက်လာပေမယ့် အရောင်းဝယ်အေးနေတယ်လို့ ပယင်းရောင်းဝယ်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
ပယင်းဈေးကွက်မှာ ပယင်းအရည်သွေးအလိုက် ဈေးနှုန်းကွာခြားချက်မြင့်တက်လာနေပြီး အတွင်းပိုင်းအကောင်ပါ ပယင်းဈေးကွက်က ကျပ်သိန်းပေါင်း ရာ၊ ထောင်ဂဏန်းထိ ဖြစ်လာပါတယ်။
မြန်မာပြည်ကထွက်တဲ့ ပယင်းဝယ်ယူသူ အများစုက တရုတ်ဝယ်လက်ဖြစ်နေလို့ အရည်သွေးထောက်ခံချက် စမ်းသပ်စစ်ဆေးမှုတွေနဲ့ပါ တွဲဖက်ရောင်းချရတာတွေ ရှိနေပါတယ်။
ဝိုင်းမော်၊ မြစ်ကြီးနား၊ တနိုင်းဈေးကွက်တွေမှာ ပယင်းကို ကုန်ကြမ်းအတိုင်းရောင်းချသလို ပယင်းကျောက်ချောအတိုင်း တွင်တွင်ကျယ်ကျယ် ရောင်းချကြပါတယ်။
မြန်မာပြည်ဒေသ တချို့မှာတော့ လက်ဝတ်ရတနာအနေနဲ့ ဈေးကွက်ချဲ့ထွင်ရောင်းချနေ တာရှိသလို ကျန်းမာရေးအတွက် အဆောင်အဖြစ်လည်း အမျိုးသမီးတွေရော အမျိုးသားတွေပါ ပယင်းကို ၀တ်ဆင်လေ့ရှိကြပါတယ်။











