DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့စားသောက်ဆိုင်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား
DVB
·
October 23, 2017
စစ်တွေမြို့စားသောက်ဆိုင်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား
Donate to DVB

 

စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် မေယုလမ်းမှာရှိတဲ့ Royal စားသောက်ဆိုင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် ညက ဆိုင်ဝန်ထမ်းအချို့နဲ့ စားသုံးသူတချို့ စကားများကြရာက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်တွေမြို့မရဲစခန်းက ပြောပါတယ်။

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်နေ ဇော်အေးဆိုသူဟာ Royal စားသောက်ဆိုင်သို့ လာရောက်စားသောက်ရင်း ဆိုင်ဝန်ထမ်းအချို့နဲ့ စားသောက်ဖွယ်ရာ ကိစ္စနဲ့ပတ်သက်လို့ စကားများကြရာ ဆိုင်ဝန်ထမ်းအချို့က ဝိုင်းရိုက်ခဲ့လို့ ဇော်အေးမှာ ဓါးဒဏ်ရာ ၄ ချက်နဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပါတယ်။

အဲဒါကို မကျေနပ်လို့ ဇော်အေးနဲ့ ဆွေးမျိုးတော်စပ်တဲ့ အေးကိုအပါအဝင် ၃ ဦးက အဲဒီည သန်းခေါင်လောက်မှာပဲ Royal စားသောက်ဆိုင်သို့လာရောက်ကာ ဆိုင်အတွင်း စားသောက်နေသူ ဦးမောင်သိန်းဦးကို ဆိုင်တံခါးဖွင့်ခိုင်းရာ ကြာတဲ့အတွက် ကားမှာ အသင့်ပါလာတဲ့ သေနတ်နဲ့ အေးကိုက ပစ်ခတ်လိုက်တာကြောင့် ဦးမောင်သိန်းဦးမှာ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေတယ်လို့ စစ်တွေမြို့မရဲစခန်းမှ ဒု-ရဲမှူး သက်စိုးက ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေကြောင့် သေနတ်ပစ်ခတ်သူ အေးကိုကို ရှာဖွေဖမ်းဆီးခဲ့ရာ ၎င်းပိုင် ပန်းသတင်းစားသောက်ဆိုင်မှာ တွေ့ရှိခဲ့ပြီး ၎င်းမောင်းနှင်တဲ့ အဖြူရောင်မော်တော်ကားထဲမှ အမေရိကန်နိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၈ ထောင့် အပါအဝင် ကျည်ကတ် ၁ ခု၊ သံကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး ဘောစေ့ထည့်ပြီး ပစ်ခတ်လို့ရတဲ့ ပစ္စတိုသေနတ်အတု ၁ လက်နဲ့ ကျည်အိတ် ၁ ခုတို့ အပါအဝင် ဓားရှည် ၆ ချောင်းကို သိမ်းဆည်းမိခဲ့တယ်လို့ ဒုရဲမှူး သက်စိုးက ပြောပါတယ်။

အသက် ၃၀အရွယ်ရှိ ဇော်အေးမှာလည်း ဓားဒဏ်ရာကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေစဉ် အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၆ နာရီကျော်မှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တွေအမှတ် ၁ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုအပါအဝင် ၁၉၅၁ လက်နက်ယာယီ ဥပဒေ ပုဒ်မ ၁၉ (စ) တို့နဲ့  အမှုဖွင့်စစ်ဆေး နေတယ်လို့ စစ်တွေမြို့မရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013