DVB Logo
Home
Lead Story
ရည်ရွယ်ချက်ကြီးမားတဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ခြေလှမ်းတွေ…
DVB
·
October 23, 2017
ရည်ရွယ်ချက်ကြီးမားတဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ခြေလှမ်းတွေ…
Donate to DVB

 

 

၂၀၁၂ ခုနှစ်မှာ နိုင်ငံရဲ့ခေါင်းဆောင်တာဝန်ကို ရယူခဲ့အပြီး တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ပါတီကို ဦးဆောင်မှုနဲ့ နိုင်ငံတော်ကို အုပ်ချုပ်မှုတွေကို ကမ္ဘာက အသေအချာ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ အားပြိုင်ခံလာရတဲ့ အနောက်နဲ့ ဥရောပနိုင်ငံတွေကသာ မဟုတ်ဘဲ အာရှနိုင်ငံတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကပါ ရှီကျင်းပင် ဘာလဲ ဘယ်လဲ ဆိုတာကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြတယ်၊ နေကြဆဲဖြစ်တယ်လို့ ပြောရင် မမှားလောက်ဘူးလို့ ထင်ပါတယ်။

လေ့လာသူတွေနဲ့ တရုတ်ရေးရာ ကျွမ်းကျင်သူတွေကတော့ တရုတ်သမ္မတနဲ့ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင်းပင်ဟာ သူ့ရဲ့ နောက် ၅ နှစ် သမ္မတသက်တမ်းအတွက် ဆက်လက်တာဝန်ယူ ဆောင်ရွက်နိုင်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကို မှီခိုနေရတဲ့နိုင်ငံတွေအဖြစ် ဆက်လက်တည်ရှိနေရေးအတွက် သူ့ရဲ့ သံတမန်ရေး နည်းပရိယာယ်တွေကို ဆက်လက်ကိုင်စွဲ အသုံးချသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်ပြည်ရဲ့ ဦးစီးခေါင်းဆောင်နေရာကို ရယူပြီးတဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း သူ့ရဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ ရပ်ဝန်းတခု လမ်းမတသွယ် (BRI) စီမံကိန်းကြီးကို ၂၀၁၃ ခုနှစ်မှာ စတင်ချပြခဲ့ပြီး ဒေသတွင်းနဲ့ ဥရောပအထိပါ ခန့်ညားသွားရအောင် ချပြခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ အာရှ၊ ဥရောပနိုင်ငံတွေ ချိတ်ဆက်ဆောင်ရွက်လာနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကြီးဟာ ကမ္ဘာ့လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်း၊ ကမ္ဘာတဝှမ်း စွမ်းအင်ရင်းမြစ်တွေရဲ့ လေးပုံသုံးပုံနဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုးအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ပါဝင်မှာ ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ မဟာဗျူဟာ စီမံကိန်းကြီးလို့ ပြောရမှာပဲဖြစ်ပါတယ်။

မစ္စတာ ရှီကျင်းပင်နဲ့ တရုတ်ဝန်ကြီးချုပ် လီကီကျန်းတို့နှစ်ဦးသား သူတို့ရဲ့ ဥရောပနဲ့ အာရှခရီးစဉ်တွေ အတောအတွင်းမှာ အဲဒီစီမံကိန်းကြီးကို ချပြ ပြောဆိုစည်းရုံး သိမ်းသွင်းခဲ့ပါတယ်။ မစ္စတာရှီကတော့ မကြာခဏ ဆိုသလိုပဲ သူ့နိုင်ငံဟာ သူ့နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်လိုလက်ရရှိကြတဲ့ နိုင်ငံတွေကို အခွင့်အရေး ပေးအပ်ဖို့ ဖွင့်လှစ်ပေးဖို့ အဆင်သင့်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ပုံဖော်ပြောဆိုလေ့ ရှိပါတယ်။ သူ အာဏာရတာဝန် ယူလိုက်တဲ့အချိန်ကစလို့ တရုတ်နိုင်ငံ သံတမန်ရေးရာ ဆက်သွယ်ဆောင်ရွက်မှုတွေဟာ စိတ်အားထက်ထက်သန်သန် ရှိလှသလို တချို့နေရာတွေမှာ ရန်လိုတင်းမာတဲ့ သဘောမျိုး တွေ့ရပါတယ်။

၂၀၁၆ ခုနှစ် အစောပိုင်းကာလမှာ မစ္စတာရှီကျင်းပင်က ဘက်စုံဖြန့်ကျက် ဘဏ္ဍာရေး ယန္တရားသစ်တခုဖြစ်တဲ့ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကို ဖွံ့ဖြိုးဆဲ အာရှရဲ့ အခြေခံအဆောက်အဦပိုင်းမှာ အဓိကနေရာက ပါဝင်နိုင်ဖို့ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ အဲဒီ အေအိုင်အိုင်ဘီဘဏ်က ကမ္ဘာ့ဘဏ် ဒါမှဟုတ် အာရှဖွံ့ဖြိုးရေးဘဏ်လို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက တန်ဖိုးကြီးတဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဘဏ္ဍာငွေကြေး အကူအညီ မရရှိကြတဲ့ အစိုးရတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေကို ဘဏ္ဍာငွေကြေး ကူညီထောက်ပံ့မှု ပေးအပ်ဖို့ ဖြစ်ပါတယ်။ မစ္စတာရှီကျင်းပင်ကို သတိပြုမိတဲ့သူတွေက သူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရတဲ့ အချိန်တိုင်းမှာ သံတမန်ရေး ဆက်သွယ်ဆောင်ရွက်မှုတွေကနေ “မျှဝေမှုရှိ အနာဂတ်” ဒါမှမဟုတ် "မျှဝေမှုရှိ ရှေ့အလားအလာ" တခု ရရှိစေဖို့ ကတိပေးစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သူက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ် မကျင့်သုံးသေးတဲ့ နိုင်ငံတွေကို ဘဏ္ဍာငွေကြေးအရ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က ရာသီဥတု အပြောင်းဆိုင်ရာ ပြင်သစ်သဘောတူညီမှုက နုတ်ထွက်ဖို့ ကြေညာလိုက်တဲ့အချိန်မှာ မစ္စတာရှီက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေကို ပြန်လှန်တိုက်ခိုက်တဲ့နေရာမှာ ‘တာဝန်ရှိတဲ့ ခေါင်းဆောင်’ တဦးအဖြစ် ပြောကြား နေရာယူခဲ့တာကို သတိရကြလိမ့်ဦးမယ် ထင်ပါတယ်။ မစ္စတာ ရှီကျင်းပင်ဟာ ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထက် စဉ်းစဉ်းစားစား လုပ်တတ်တဲ့၊ ခေါင်းပြေးတဲ့ ခေါင်းဆောင်တယောက်ဖြစ်ကြောင်း ပြနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် (BRICS) အစည်းအဝေး တရုတ်နိုင်ငံ ရှာမင်းမှာ ကျင်းပခဲ့တုန်းက ဥက္ကဋ္ဌတာဝန် ယူခဲ့တဲ့ မစ္စတာ ရှီကျင်းပင်က ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမြင့်တက်ရေးမှာ ထွက်ပေါ်လာစနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အဓိက မောင်းနှင်ရေး အင်အားတွေဖြစ်တဲ့အကြောင်း အတိအလင်း ဖော်ပြပြောဆိုခဲ့တာ တွေ့ရပါတယ်။ အဲဒီ ဘရစ် အစည်းအဝေးကြီးရဲ့ အဆုံးနိဂုံးမှာတော့ ရှီက ဘရစ်နိုင်ငံတွေအကြားမှာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ယွမ်ငွေ သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၇၆ သန်း) ပေးအပ်ဖို့ လျာထားတဲ့အကြောင်း ပြောကြားရင်း ဒီအစည်းအဝေးကြီးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ရှိနေတယ်၊ သမ္မတ ရှီကျင်းပင် ရှိနေတယ်ဆိုတာကို အခိုင်အမာ ပြသနိုင်ခဲ့ပါတယ်။

အဲဒီနှစ်မေလ ဘေဂျင်းမှာကျင်းပခဲ့တဲ့ ရပ်ဝန်းတခု လမ်းမတသွယ် အစည်းအဝေးမှာလည်း တရုတ်နိုင်ငံအနေနဲ့ ဒီ ဘီအာအိုင် စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ထောင်ပေါင်း ၁၀၀ ကျော် ချမှတ်သုံးစွဲသွားမှာ ဖြစ်တဲ့အကြောင်း ကြေညာပြောကြားခဲ့တာ တွေ့ရပါတယ်။ တဆက်တည်းမှာပဲ တရုတ်နိုင်ငံက လန်ဆန်-မယ်ခေါင် ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအတွက် မယ်ခေါင်ဒေသ ခြောက်နိုင်ငံဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ အသေးစားနဲ့ အလတ်စား ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ မတည်ချမှတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်မှာ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရင်းနှီးပေးအပ်ရမယ့်အတွက် တကယ်စေတနာအမှန်နဲ့ လုပ်ဆောင်တာ ဆိုရင်တော့ ဒါတွေဟာ ကြိုဆိုထောက်ခံရမယ့် အချက်တွေပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ မယ်ခေါင်ဒေသ ၅ နိုင်ငံရဲ့ အခြေခံအဆောက်အဦနဲ့ စက်မှုတည်ဆောက်ရေး စီမံကိန်းတွေအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၀ သန်းနဲ့ ဦးစားပေး ချေးငွေအဖြစ် တရုတ်ယွမ် သန်းထောင်ပေါင်း ၁၀ သန်းကိုလည်း ထုတ်ချေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ တကယ့်ငွေလုံးငွေရင်းတွေလို့ ပြောရမယ့် ငွေပမာဏလို့ ပြောမယ်ဆိုရင် မမှားလောက်ပါဘူး။ အဲဒီလို မစ္စတာရှီက ငွေကြေးထောက်ပံ့မှုတွေနဲ့ အနာဂတ်ဖွံ့ဖြိုးတိုတက်မှုတွေအတွက် ကတိပေးစကားတွေ ပြောကြားခဲ့တဲ့အပေါ်မှာ တရုတ်နိုင်ငံရဲ့ လွတ်လပ်တဲ့ ဈေးကွက်ကို ပါဝင်ပူးပေါင်းလိုတဲ့ စီးပွားရေးဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ တရုတ်နိုင်ငံရဲ့ ဦးစီးခေါင်းဆောင်မှုအောက်မှာ ဒီလို ငွေကြေးထောက်ပံ့မှုတွေကို အလွယ်တကူ ပါဝင်ရယူနိုင်မယ့် အခွင့်အလမ်းအတွက် ကျေနပ် သဘောကျနေကြတယ်လို့ အကဲဖြတ်သူတွေက ယူဆကြပါတယ်။ ကျလည်းကျလောက်တဲ့ ကတိစကားနဲ့ ကမ်းလှမ်းမှုတွေပါပဲ။

ပြောရရင် မစ္စတာရှီဟာ သူ့ရဲ့အာဏာနဲ့ တရုတ်နိုင်ငံရဲ့ အရှိန်သြဇာ တိုးမြင့်လာရေးအတွက် ဒီကစားနည်းကို ဘယ်လိုကစားရမယ်ဆိုတာ ကောင်းကောင်းသိလောက်အောင် ပါးနပ်လိမ်မာတယ်လို့ပဲ ကောက်ချက်ချရမှာပါ။ သူ့ရဲ့ ကမ်းလှမ်းပြောဆိုမှုတွေဟာ အဲဒီ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖွံ့ဖြိုးမြင့်တက်ရေးအတွက် တွန်းအားပေး မောင်းနှင်မှုတခုဖြစ်သလို အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးကျေးဇူး ဖြစ်စေမှာ ဖြစ်ပါတယ်။ အတုံ့အပြန်အနေနဲ့ တရုတ်နိုင်ငံအနေနဲ့ အဲဒီဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရင်းမြစ်တွေကို ရယူသုံးစွဲခွင့်နဲ့ စီးပွားရေးအခွင့်ထူးတွေကို လက်ခံရရှိလိမ့်မယ် ဆိုတာကလည်း သေချာနေပါတယ်။ အဲဒီအချက်တွေကြောင့် ဒါဟာ တရုတ်နိုင်ငံနဲ့ အဲဒီနိုင်ငံတွေ အားလုံးအတွက် သူနိုင်-ကိုယ်နိုင် ချဉ်းကပ်ဆောင်ရွက်မှု ဖြစ်သလို အားလုံး ဖွံ့ဖြိုးမြင့်တက်စေမယ့် ချဉ်းကပ်မှုလို့ မစ္စတာရှီိက ပြောကြားခဲ့တာ ဖြစ်ပုံရပါတယ်။

ဒါပေမယ့် အောက်ခြေမှာရှိနေတဲ့ သာမန်ပြည်သူလူထု တချို့ကတော့ သမ္မတရှီပြောတဲ့ အဲဒီဖွံ့ဖြိုးမြင့်တက်မှုရဲ့ အကျိုးကျေးဇူးကို တကယ်တန်း ခံစားနိုင်ကြပါ့မလား ဆိုတာကတော့ အသေအချာ ပြောလို့မရနိုင်သေးဘူးလို့ ပြောရမှာပါပဲ။

ခု အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ကျင်းပနေပြီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ကွန်ဂရက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီက တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲခွင့် ပြုထားလိုက်ပြီ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်က သူ့လုပ်ရပ်တွေရဲ့ ရလဒ်အရ သူ့ရဲ့ နောက်ထပ်သမ္မတသက်တမ်းအတွက် အပြည့်အဝ ယုံကြည်သလို သူ့ရဲ့ နိုင်ငံတည်ဆောက်ပုံ အတွေးအခေါ်ကို လူပုဂ္ဂိုလ်အရ နာမည်တွင်ကျန်ခဲ့တဲ့ ဥက္ကဋ္ဌ မော်နဲ့ မစ္စတာ တိန့်ရှောက်ပိန်တို့လို ရှီကျင်းပင် အတွေးအခေါ်ဆိုပြီး တွင်ကျန်စေဖို့အထိ ရည်ရွယ်ချက် ကြီးမားပုံရတယ်လို့ ယူဆရပါကြောင်း။    

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013