DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးတောင်ကလပ်တွင် ကားလမ်းနှင့် အဆောက်အဦများ မြေကျွံမှု ဖြစ်ပေါ်နေ
DVB
·
October 22, 2017
ပုပ္ပါးတောင်ကလပ်တွင် ကားလမ်းနှင့် အဆောက်အဦများ မြေကျွံမှု ဖြစ်ပေါ်နေ
1 / 10
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် စကားဝါချောင်၊ အောင်မင်းခေါင် ကျောင်းတိုက် အနီးပတ်ဝန်းကျင်မှာ အောက်တိုဘာ ၁၆ ရက်နေ့ မှဒီနေ့အထိ မြေကျွံတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုပ္ပါးမှာ ဘုရားပန်းရောင်းတဲ့ ဈေးသည် မစန်းအေးက "ညညမှမြေကျွံတာပေါ့။ အခုချိန်ဆို မသိသေးဘူး။ ပျဉ်ခင်းသွပ်မိုးထရံကာ နေအိမ်သုံးလုံး မြေကျွံခဲ့ပြီး အောက်ကိုတဖြည်းဖြည်းနဲ့ နိမ့်သွားတာပေါ့။ ကျမတို့ကလည်း နေစရာမရှိလို့ ကိုယ့်အိမ်ကို ကပ်နေတယ်။ ဒါပေမယ့် နေ့ခင်းဘက်ပဲ၊ ညဘက်ကျတော့ သူငယ်ချင်းတွေအိမ် သွားအိပ်ရတယ်။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာကြာပြီ။ ပိုက်ဆံကလည်း မရှိဘူး။ တနေ့လုပ်မှ တနေ့စားရတာ။ မြေကျွံတာ ဒါဆို သုံးခါရှိသွားပြီ။ မရွှေ့ရတာ ၁၃ နှစ်လောက်ရှိပြီ။ မြေကြောပြတ်တာပေါ့ ဒီလိုရာသီမှာပဲ ဖြစ်တာ"လို့ ဒီဗွီဘီကို ပြောပါတယ်။

"ကတ္တရာလမ်းကြီးကစပြီး မြေအောက်ကျွံကျ သွားတာ။ အရှေ့ဘက်မှာ နေအိမ် ၃ လုံးလောက်ပါသွားပြီ။ အနောက်ဘက်မှာ ကျောင်း ပါသွားတယ်။ အဘထီးဆောင်းအနီးက လမ်းကျွံသွားတယ်။ ဒီနေရာကလည်း အစကတည်းက ကျွံဖူးတယ်။ ပုပ္ပါးတောင်မကြီးဟာ ၄၉၈၁ ပေမြင့်ပြီး မီးတောင်ရဲ့သဘောသဘာဝအရ လွှာတွန့်တို့ လွှာပြတ်တို့ရှိကာ မိုးများပြီးရေဝင်ကာ အောက်ကို နိမ့်ကျပြီး မြေကျွံတယ်လို့ ယူဆရကြောင်း" ပုပ္ပါးကျေးရွာက ကိုအောင်ကြည်စိုးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ညွှန့်က "နံပါတ် တစ်ကတော့ မြေအနေအထား မငြိမ်တာပေါ့။ ကွင်းဆင်းပြီးတော့ အခြေအနေလိုက်ကြည့်နေ တယ်။ တွေ့ရှိချက်အရ မိုးများလို့ဖြစ်တယ်။ နေရာတိုင်းတော့ မကျွံပါဘူး။ မီးတောင်အနေနဲ့တော့ မဟုတ်ပါဘူး။ မီးတောင်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။ အရင် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဖြစ်ဖူးတယ်။ မိုးဆက်တိုက် ရွာလို့ဖြစ်တယ်လို့ ယူဆရတယ်။ ကျနော်တို့အဖွဲ့ လိုက်ကြည့်နေတယ်” လို့ ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013