DVB Logo
Home
မေးမြန်းခန်း
မဲစာရွက်တွေမှာ ဖယောင်းသုတ်တာဟာ ရာဇ၀တ်မှုဖြစ်လို့ အမြန်ဆုံး တားမြစ်ရန် အန်အယ်လ်ဒီ ကော်မရှင်ကို တောင်းဆို
DVB
·
April 1, 2012
မဲစာရွက်တွေမှာ ဖယောင်းသုတ်တာဟာ ရာဇ၀တ်မှုဖြစ်လို့ အမြန်ဆုံး တားမြစ်ရန် အန်အယ်လ်ဒီ ကော်မရှင်ကို တောင်းဆို
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲ မဲလက်မှတ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ကို မဲပေးခြစ်ရမယ့်နေရာမှာ ဖယောင်းသုတ်တဲ့ကိစ္စဟာ ရာဇ၀တ်မှု မြောက်တာကြောင့် ဒါကိုအမြန်ဆုံး ဖြေရှင်းပေးဖို့ အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောပါတယ်။ မဲစာရင်းတွေမှာ ကော်မရှင်လက်မှတ် မပါတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီးလည်း ဦးဥာဏ်ဝင်းကို မေးထားပါတယ်။

မဲစာရင်း စာရွက်တွေမှာ ကော်မရှင်ရဲ့ အမှတ်တံဆိပ်တွေ မပါဘူးလို့ ပြောကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နဂိုထဲက သိထားပြီးသားလား။ ဒီဟာကဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ။

“ဥပဒေအရ ကော်မရှင်က အတည်ပြုထားသော အမှတ်တံဆိပ်၊ ဥပဒေအသုံးအနှုန်း၊ အဲဒီဟာမပါလို့ရှိရင် ပယ်မဲဖြစ်နိုင်တယ်။ ပြဿနာက ဒီနေ့မဲပေးတဲ့အခါမှာ အများကြီးတွေ့ရတယ်။ တချို့နေရာတွေမှာ တိုင်းနဲ့ မြို့နယ် ကော်မရှင်ကို သွားတင်ပြတော့ သူတို့ဘက်က ဟုတ်တယ်။ သူတို့ တံဆိပ်မရိုက်နိုင်အောင် များလွန်းလို့တဲ့၊ ဒီကိစ္စကို ဆက်လုပ်ပါ၊ သူတို့အသိအမှတ် ပြုပါတယ်လို့ ပြောတယ်။ တချို့ကလည်း ဘာမှမပြောသေးဘူး။”

မဲစာရင်း ကွာဟမှုတွေနဲ့ ပတ်သက်လို့ ၂၂ ရက်နေ့လောက်ကနေ စပြီးတော့ မြို့နယ်အသီးသီးက တင်ပြတဲ့အခါမှာ ၂၄ ရက်နေ့ကစပြီး အတည်ပြုလိုက်ပြီ၊ ဒီိတိုင်းပဲ သွားတော့မယ်ဆိုတဲ့ နေရာမှာကော အန်အယ်လ်ဒီက ဘယ်လိုမျိုး သဘောထားပါသလဲ။

“အန်အယ်လ်ဒီအနေနဲ့ အဲဒီအချိန်အတိုင်းအတာတွေက အရမ်းကို နည်းပါတယ်။ တကယ်လို့မဲစာရင်း ကြေညာတာက အမှန်ကြေညာလိုက်ရင် ဘာမှပြဿနာမရှိဘူး။ အမှားတွေ ကြေညာလိုက်တဲ့အတွက် ဒီလောက်အချိန်နဲ့ မလုံလောက်ဘူး။ ဒီနေ့တွေ့နေရတဲ့ အကြီးမားဆုံးပြဿနာက မဲလက်မှတ်မှာ အန်အယ်လ်ဒီဘေးက ခြစ်ရမယ့်နေရာမှာ ဖယောင်းသုတ်ထားတယ်။ ဖယောင်းသုတ်တော့ မှင်မစွဲဘူး၊ မပေါ်ဘူး။ နည်းနည်းပါးပါးတော့ ပေါ်မှာပေါ့။ အဲဒါက တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်နေတာ။ ဒီမဲလက်မှတ်တွေကို ဒီလိုလုပ်တာဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ရာဇ၀တ်မှု၊ နောက် ရွေးကောက်ပွဲကိုလည်း ပျက်ဆီးစေတဲ့ကိစ္စ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို အခုပဲစာရေးနေပါတယ်။ ချက်ချင်းတင်ပြပါမယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော် သမ္မတကြီး အပါအ၀င် လွတ်လပ်သန့်ရှင်း မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကို ဖြစ်စေရမယ်ဆိုပြီး အတန်တန် ကတိပေးခဲ့တယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အောက်ခြေမှာဖြစ်တာက ဘယ်လောက်ထိအောင် ကွာဟချက်ရှိနေလဲ။ အန်ကယ် ဘယ်လိုသုံးသပ်လဲ။

“အများကြီး ကွာဟချက်ရှိတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်တွေကို ကျနော်တို့လည်း အသေးစိတ် ဖတ်ပါတယ်။ အောက်ခြေက ကျနော်တို့ ဖတ်သလိုမဖတ်တော့ မသိကြဘူး။ အလွန်အားနည်းပါတယ်။ သူတို့ဌာနတွင်း ပညာပေးလုပ်ငန်း အများကြီးလုပ်ဖို့ လိုပါတယ်။ အခုတွေ့နေရတဲ့ အခက်အခဲက တမင်လုပ်တာလည်း ပါသလို၊ မသိနားမလည်လို့ ဖြစ်သွားတာလည်းပါတယ်။”

မဲလက်မှတ်ပေါ်က အန်အယ်လ်ဒီရဲ့ ဘေးနားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ ကိစ္စကို ကော်မရှင်ဥက္ကဋ္ဌဆီကို ဒီနေ့ပဲပို့မှာလား။ တင်တဲ့ကိစ္စ အပါအ၀င်ပေါ့။

“ရွေးကောက်ပွဲ ပျက်သွားမှာဆိုးလို့ ကျနော်တင်တာ။ အမြန်ဆုံး ဖက်စ်နဲ့ဖြစ်ဖြစ်၊ ဖုန်းနဲ့ဖြစ်ဖြစ် ညွှန်ကြားချက်တွေ ပေးသင့်တယ်။ ကားနဲ့ပေးဖို့လည်း အချိန်မမှီဘူး။ အမြန်ဆုံးမလုပ်ရင်တော့ ရွေးကောက်ပွဲ ပျက်နိုင်တဲ့ အနေအထား ရှိနေတယ်လို့ ကျနော်ထင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013