DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်​မြို့နယ်​တွင် မြေမြုပ်​မိုင်းနင်းမိ၍ ဒေသခံ ၂ ဦး​ သေဆုံး
DVB
·
October 21, 2017
နမ့်ဆန်​မြို့နယ်​တွင် မြေမြုပ်​မိုင်းနင်းမိ၍ ဒေသခံ ၂ ဦး​ သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန် မြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိလို့ အထက်မန်လွယ်နဲ့ လုံတောက်ရွာက ဒေသခံနှစ်ယောက် မနေ့က သေဆုံး ခဲ့ပါတယ်။

အထက်မန်လွယ်ရွာ၊ ရန်ကင်းတောင်အနီးမှာ ဒေသခံ အမျိုးသမီးတယောက်ဖြစ်တဲ့ လွေးအေးနန်းဟာ မိုင်းနင်းပြီး ဒဏ်ရာပြင်းထန်လို့ လားရှိုးဆေးရုံကို ပို့ဆောင်နေချိန် လမ်းတဝက်မှာ သွေးထွက်လွန်ပြီး သေဆုံးသွားပါတယ်။

ရှောလှဲတိုက်နယ် လူမှုကူညီရေးအသင် နာယက ဦးသောဘိတက “ဒီနေ့က ဦးဇင်းတို့ အထက်မန်လွယ်ကနေ နမ့်လင်းရွာကို သွားပြီး အလှူလုပ်ဖို့ရှိတော့ အဲ ကလေးမက ပွဲသွားဖို့ ရွာပြန်ပြီး ရိုးရာဝတ်စုံ ပြန်ဝတ်ဖို့ လက်ဖက်ခြံထဲမှာ မိုင်းနင်းမိတာ။ သူတို့က လက်ဖက်ခြံထဲမှာပဲနေတာလေ တအိမ်လုံးက။ ပွဲပြန်ဖို့ လုပ်တာကို နင်းမိတာ။ သူ့မိဘတွေက နာမကျန်းတွေလေ။ အဖေဆို နာမကျန်း၊ အမေလည်း နေမကောင်းတော့ သူ့လုပ်စာ ထိုင်စားနေတာ အခုတော့ သေသွားပြီ" လို့ ပြောပါတယ်။

လွေးအေးနန်းဟာ အသက် ၂၀ လောက်ပဲ ရှိသေးပြီး မိုင်းနင်းမိလို့ ခြေနှစ်ဖက်လုံး ပြတ်သွားတယ်လို့လည်း သိရပါတယ်။

ပြီးတော့ လုံတောက်ကျေးရွာနဲ့ မနိပိန်းကျေးရွာကြားမှာလည်း   နေ့လယ်ပိုင်းက မြေမြုပ်မိုင်းတလုံး ပေါက်ကွဲလို့ လက်ဖက်သီးသွားယူတဲ့ အမျိုးသားတယောက် သေဆုံးသွား ပါတယ်။

အနီးအနားက ဒေသခံတယောက်က "သူက လက်ဖက်သီး သွားထည့်မယ်ဆိုပြီး သွားတာ။ နေ့လယ် ၂ နာရီပေါ့။ သိပ်မကြာဘူး မိုင်းပေါက်ကွဲသံကြားရတယ်။ ဘယ်သူမှ အဲနား မသွားရဲကြဘူး။ ညနေ ၄ နာရီလောက်မှ လူတွေ သွားကြတာ။ မိုင်းနင်းမိတဲ့ ကိုလှစိန်က ပွဲချင်းပြီးပဲ။ အူတွေတောင် ထွက်ကြကုန်ပြီ။ သူ့ကို အဲမှာပဲ တခါတည်းမြှုပ်လိုက်ကြတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ မနက်မှာလည်း အဲဒီအနားတဝိုက်မှာ မိုင်းတလုံး ပေါက်ကွဲသံကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တရက်တည်း မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ယောက် သေဆုံးသွားလို့ လက်ဖက် သွားမခူးရဲတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း နွားတကောင် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဆန်ဒေသဟာ တအာင်းအဖွဲ့၊ တပ်မတော်နဲ့ RCSS တို့ လှုပ်ရှားသွားလာနေတဲ့ ဒေသတခုဖြစ်ပါတယ်။

နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013