DVB Logo
Home
Lead Story
ဆေးလောက အမျိုးသမီးများ တန်းတူညီမျှရေး
DVB
·
October 21, 2017
ဆေးလောက အမျိုးသမီးများ တန်းတူညီမျှရေး
Donate to DVB

Equality နှင့် Equity ဟူသော စကားနှစ်လုံးမှ တူမယောင်နှင့် ကွဲသည်။ ယနေ့ ခေတ်စားနေသည့် တန်းတူညီမျှမှုဟူသည်ကို Equity ဟူသည့် စကားလုံးနှင့် အဓိပ္ပာယ်ဖော်မှ ပြည့်စုံလိမ့်မည်။ လူမျိုး၊ ဘာသာ၊ ကျား၊ မ မတူညီစေကာမူ လူသားအားလုံး Equity ရှိရမည်ဟု ပြောကြသည်။ ကမ္ဘာကျော် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စုမှ ပါမောက္ခဆရာဝန်မကြီးတဦးမှ ကျား၊ မ အလွန်ခွဲခြားဆက်ဆံလေ့ရှိသည့် အမေရိကန် ဆေးလောကအပေါ် သူတတ်နိုင်သလောက် ပြုပြင်ရပ်တည် ဆောင်ရွက်ခဲ့သည်များကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါသည်။

ဆေးလောက အသိုင်းအဝိုင်းအတွင်းမှာ ကျား၊ မ ခွဲခြားဆက်ဆံခံရမှုကို တတ်နိုင်သလောက် တွန်းလှန်နိုင်ဖို့ ခွန်အားတွေကို ဘဝပေး အခြေအနေများကတဆင့် ရရှိလာခဲ့သည်ဟု ကျမထင်သည်။ နံရံကို ခေါင်းနှင့်တိုက်လျှင် ဦးခေါင်းကွဲမည်ဆိုတာ ကျမ သိပါသည်။ သို့ပေမယ့် ခေါင်းမကွဲနိုင်သည့် အနေအထားအထိတော့ ဒီနံရံကြီးကို အနာခံပြီး ကျမ ခေါင်းနှင့် တိုက်နေပါဦးမည်။

ကျမကို ကျောက်မီးသွေးတွင်းတွေရှိသည့် အမေရိကန် တောမြို့လေးတမြို့မှာ မွေးခဲ့သည်။ ထိုမြို့ကလေးမှာ ကျောင်းစတက်ကတည်းက ကျမ ဆရာဝန် ဖြစ်ချင်ခဲ့တာပါ။ ကျမတို့မြို့ကလေးမှာ ကျမ လေးစားအားကျရသည့်သူ နှစ်ဦး ရှိသည်။ တဦးက ကတ်သိုလစ် ဘုန်းတော်ကြီး။ နောက်တဦးကတော့ ကျမတို့ မိသားစုဆရာဝန်ပါ။ မွေးကတည်းက ခရိုမိုဆုန်း XX နှင့် မွေးလာခဲ့သဖြင့် ကျမ မိန်းကလေး ဖြစ်လာခဲ့ရသည်။ ယောက်ျားလေးဖြစ်ဖို့က ခရိုမို ဆုန်း XY ဖြစ်ရမည် မဟုတ်လား။ ဒါတော့ ဘာမှမတတ်နိုင်။ ခရိုမိုဆုန်း XX နှင့် မိန်းကလေးတယောက်အဖို့ ဘုန်းတော်ကြီး မဖြစ်နိုင်တာတော့ သေချာသည်။ ဒီတော့ ကျမ ဆရာဝန် ဖြစ်ချင်မိခဲ့တာပေါ့။

ကျမမိဘတွေက ဆင်းရဲပြီး ချို့တဲ့ပါသည်။ Equity ဟူသည့် စကားလုံးကို အိမ်မှာ တကြိမ်တခါမှ မကြားဘူးခဲ့ပေမယ့် လူတယောက်၏ ကျား၊ မ ကွဲပြားမှု၊ လူမျိုး၊ ဘာသာ ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံတာမျိုး အိမ်မှာ မတွေ့ဘူးခဲ့ပါ။ တက္ကသိုလ်ရောက်တော့လည်း လူမှုသိပ္ပံပညာကို ကျမ ဆည်းပူးခွင့်ရခဲ့ပါသည်။ အဖေကတော့ ကြိုးစားလျှင် ဘာမဆို အောင်နိုင်မည်ဟု ကျမကို ခဏခဏ ဆုံးမတတ်ပါသည်။

မိဘတွေက ဆင်းရဲလွန်းသဖြင့် ကျမ ဆေးကျောင်းကို တန်းမတက်နိုင်။ အထက်တန်းစာမေးပွဲအောင်တော့ ဆေးရုံမှာသင်သည့် သူနာပြုသင်တန်းတခု ကျမ တက်ရသည်။ ကျူရှင်တက်စရာမလိုသည့် ထိုသူနာပြုသင်တန်းက ကျမဘဝအတွက် အမှတ်တရ သင်တန်းတခု ဖြစ်ခဲ့သည်။ သူနာပြုသင်တန်း ပြီးတော့မှ တက္ကသိုလ်ဆက်တက်၊ ဘွဲ့ရပြီးတော့မှ ဆေးကျောင်းကို ကျမ ဆက်တက်ပါသည်။

ဆေးကျောင်းမှာ ဖြေခဲ့သမျှ အင်တာဗျူးတွေမှာ မိန်းကလေးဖြစ်နေလို့၊ ယောက်ျားလေးတယောက်၏ နေရာကို ဝင်ယူသွားမည့်သူ၊ ဆေးလောကမှ မကြာမတင် ထွက်ခွာသွားမည့်သူ တယောက်အဖြစ် နှိမ်ချဆက်ဆံခံခဲ့ရပါသည်။

ယနေ့ အမေရိကန် ဆေးကျောင်းသူလေးတွေကတော့ သည်လို ပြောဆိုတာမျိုးကို သည်းခံကြတော့မှာမဟုတ်။ ယနေ့ အမေရိကန် ဆရာဝန်များ၏ ထက်ဝက်လောက်က အမျိုးသမီးတွေ ဖြစ်နေကြပြီလေ။ သို့ပေမယ့် တချို့သော အထူးကု ဆေးပညာရပ်များမှာ ကျား၊ မ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေသေးသည်။ လူ့ဘဝမှာ စံပြပုဂ္ဂိုလ်ရှိဖို့ လိုသည်။ ကျမ ဆေးကျောင်းဝင်စ အင်တာဗျူးမှာ ကျမအတွက် စံပြလေးစားဖွယ်ဖြစ်သည့် အမျိုးသမီး ဆေးပညာပါမောက္ခတဦးကို တွေ့ခဲ့ရဖူးသည်။

ဆေးကျောင်းသူဘဝမှာ အမျိုးသမီးတွေကို နှိပ်ကွပ်တတ်သည့် ဆရာတဦး တွေ့ဖူးသည်။ သူ့ဆီကို သုတေသနကျမ်းတစောင် ကျမ တင်ရသည်။ ထိုကျမ်းကို ရစရာမရှိအောင် အပြစ်ပြောပြီး နှစ်ရက်အတွင်း ပြန်တင်ဖို့ ထိုဆရာက ပြောသည်။ တကယ်တော့ ထိုအချိန်မှာ စာမေးပွဲတွေကလည်း ရှိနေသည်။ နှစ်ရက်နှင့် ပြန်တင်ဖို့ဆိုတာ မဖြစ်နိုင်။ ရုတ်တရက်တော့ ကျမ အလွန်စိတ်ဓာတ်ကျသွားပြီး သတ်သေချင်စိတ်တောင် ပေါက်သွားသည်။ ဒါပေမယ့် ချက်ချင်း ကျမစိတ်ကို ပြန်တင်းလိုက်ပြီး ထိုသို့တင်ရန် မဖြစ်နိုင်ကြောင်း ရန်ပြန်တွေ့လိုက်သည်။ ထိုအခါမှ အဲသည်ဆရာက ကျမ၏စိတ်ကို စမ်းသပ်ခြင်းသာဖြစ်ကြောင်း ပြန်လျှောချသွားသည်။ မျှော်လင့်မထားသည့် တုံ့ပြန်မှုဖြစ်သဖြင့် အတော်လည်း အံ့သြသွားပုံရပါသည်။ ဒါကြောင့် အမျိုးသမီးထုကို ကျမ အကြံပေးလိုသည်က ကိုယ့်ကို မတရားလုပ်သည်ဟု ယူဆလျှင် ချက်ချင်းတုံ့ပြန်ပြီး မကျေနပ်မှုကို ဖော်ထုတ်ဖို့ ဖြစ်ပါသည်။

ဆေးကျောင်းမှ ဘွဲ့ရလာတော့ ကလေးဆေးပညာရပ်ကို ကျမ ဆက်လက် ဆည်းပူးခဲ့သည်။ ကောလိပ်၊ ဆေးကျောင်းနှင့် ဆရာဝန်ငယ်ဘဝများကို ဖြတ်သန်းလာခဲ့ပြီးနောက် ကျောင်းဆရာမ အလုပ်သည်သာ ကျမအတွက် အသင့်တော်ဆုံးဟု နားလည်မိခဲ့သည်။ ဆေးကျောင်းမှာနေပြီး စာသင်ဖို့၊ သုတေသနတွေလုပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဆေးတက္ကသိုလ်တခုခု၏ သင်ကြားရေး ဌာနတခုမှာ ကျမ နေရာရချင်သည်။ အမျိုးသားတွေသာ ချုပ်ကိုင်ထားတတ်သည့် ထိုနေရာမျိုးတွေမှာ ဝင်တိုးချင်သည်။ ဘယ်လ်တီမိုးမြို့မှာရှိသည့် ဂျွန်ဟော့ကင်း ဆေးကျောင်းမှာ စအလုပ်ဝင်ခဲ့ချိန်ကတည်းက မက်ခဲ့သည့်အိပ်မက် ဖြစ်ပါသည်။

၁၉၈၅ ခုနှစ်မှာ ကျမ ပါမောက္ခ ဖြစ်လာခဲ့သည်။ အမေရိကန် ဆေးတက္ကသိုလ်များ သမိုင်းမှာ ၁၂ ယောက်မြောက် အမျိုးသမီးပါမောက္ခ ဖြစ်ပါသည်။ ထိုစဉ်ကာလများအထိ အမျိုးသမီးတွေက အမျိုးသားတွေလောက် ရာထူးမရ။ ရပြန်ရင်လည်း အတက်နှေးသည်။ ကျမက ကလေးကျန်းမာရေးပညာ၏ ဒုတိယဌာနမှူး ဖြစ်လာတော့ ဆေးကျောင်း၏ ပညာရေးအဖွဲ့ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်ခွင့် ရလာခဲ့သည်။ အရင်တုန်းက ထိုအစည်းအဝေးတွေမှာ အမျိုးသမီးတွေ ပါလေ့မရှိ။ ဌာနမှူးမှ မဖြစ်ကြတာကိုး။ ထိုအစည်းအဝေးတွေမှာ ကျား၊ မ ဘက်လိုက်မှု ပြဿနာကို ပိုပြီး မြင်တွေ့ခွင့်ရသည်။

အမျိုးသမီးထု အခွင့်အရေး တန်းတူရဖို့အတွက် အရည်အချင်း လေးခုရှိဖို့ လိုသည်ဟု ကျမ တွေးမိသည်။ တခုက ဆုံးဖြတ်ချက် ပြတ်သားဖို့ပါ။ ဒုတိယအချက်က ဆုံးဖြတ်ချက် ချပြီးလျှင်လည်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ဖြစ်သည်။ တတိယအချက်ကတော့ ဝေဖန်မှု၊ အထုအထောင်းတွေကို အရေထူဖို့။ နောက်ဆုံးအချက်ကတော့ ခံစားတတ်သည့် နှလုံးသားရှိဖို့ပါ။ နောက်ဆုံး နှစ်ချက်ကတော့ အမျိုးသမီးတွေမှာ ရှိဖို့လွယ်ပေမယ့် ရှေ့ဆုံး နှစ်ချက်တော့ လိုက်နာကျင့်သုံးဖို့ ခက်ပါသည်။

ဆေးလောကမှာ အမျိုးသားတွေ ပိုအောင်မြင်၊ ပိုနေရာရသည့် အကြောင်းရင်းတချက်က သူတို့၏ ရှေ့လူတွေကလည်း ယောက်ျားတွေ ဖြစ်နေကြလို့ပါ။ ဆေးလောက ပတ်ဝန်းကျင်မှာကိုက အမျိုးသားများအတွက် လမ်းကြောင်းတွေ ပိုပွင့်နေသည်။ အခွင့်အလမ်း ကောင်းနေသည်။ ကျမ မျှော်မှန်းသည်က မိန်းကလေးတွေအတွက်လည်း ဆေးလောကမှာ အခွင့်အလမ်းတံခါးတွေ ပွင့်နေအောင် ဝါရင့်ဆရာဝန်မကြီးတွေက လမ်းကြောင်းဖွင့်ပေးဖို့ ဖြစ်ပါသည်။

ဆေးကျောင်း၏ ပညာရေး အစည်းအဝေးတွေမှာ အမျိုးသမီးပါမောက္ခတွေအားလုံး တက်နိုင်အောင် ကျမ ကြိုးစားသည်။ အချင်းချင်း ပိုမိုရင်းနှီးလာစေဖို့ ရည်ရွယ်တာပါ။ လက်တဆုပ်စာပဲ ရှိနေခဲ့သည့် အမျိုးသမီး ပါမောက္ခတွေ လက်အောက်မှာ အမျိုးသမီး တွဲဖက်ပါမောက္ခတွေ ထပ်ခန့်နိုင်ဖို့ ကျမ ကြိုးစားသည်။ ပါမောက္ခတယောက်စီမှာ တွဲဖက်ပါမောက္ခ နှစ်ယောက်စီ ခန့်ထားနိုင်အောင် ကြိုးစားပြီး ထိုအမျိုးသမီး တွဲဖက်ပါမောက္ခများနှင့် ပုံမှန်ဆုံတွေ့နိုင်ဖို့လည်း လုံးပန်းကြသည်။ နောက်ပိုင်းမှာတော့ အမျိုးသမီး လက်ထောက်ပါမောက္ခရာထူးတွေကိုပါ တိုးချဲ့လာနိုင်ခဲ့သည်။ ရာထူးတိုးအဆင့် သတ်မှတ်ချက်များမှာလည်း အမျိုးသမီးတွေကို အမျိုးသားများနှင့် တူညီဖို့ ကျမ တောင်းဆိုခဲ့သည်။

ပညာရေးအဖွဲ့ ကော်မတီတိုင်းမှာ အမျိုးသမီးတွေ ထည့်သွင်းနိုင်အောင် ကြိုးစားသည်။ အစဉ်အလာအရ အမျိုးသားတွေ ကြီးစိုးကြသည့် ခွဲစိတ်ကုပညာဌာနမှာတောင် အမျိုးသမီး ပါမောက္ခဌာနမှူး ဖြစ်လာသည်အထိ အောင်မြင်ခဲ့ပါသည်။ ယခုဆိုလျှင် ဂျွန်ဟော့ကင်း ဆေးကျောင်းမှာ ၁၉၈၅ ခုနှစ်က အမျိုးသမီးပါမောက္ခ ၁၂ ဦး ရှိခဲ့ရာမှာ အခုအချိန်မှာ ၂၃၉ ဦးအထိ များပြားလာခဲ့ပြီ။ အထူးကုဌာနကြီးများမှာ ဌာနမှူး၊ ဒုတိယဌာနမှူး ရာထူးတွေကို ယူထားနိုင်ကြပြီ။ ပညာရေးကော်မတီ အဖွဲ့အသီးသီးမှာလည်း အဓိကကျသည့်တာဝန်တွေ ယူနိုင်ကြပါပြီ။

သင်ကြားရေးဌာနများမှာသာမက ကုသရေးဌာနများမှာပါ အမျိုးသမီးတွေ နေရာရလာဖို့ ကျမတို့ ကြိုးစားကြရပါဦးမည်။ လူတဦးနှင့်တဦး၊ အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှ အခွင့်အလမ်းရှိပါမှ တိုးတက်မှုလမ်းစတွေ ပိုပွင့်မည်၊ အကြံဉာဏ်အသစ်တွေ ကွန့်မြူးနိုင်မည်။ ဆေးတက္ကသိုလ်တိုင်း၏ ပညာရေး အစီအစဉ်များမှာ အမျိုးသမီးများအတွက် တန်းတူညီမျှမှုကို လမ်းစဖွင့်ထားပေးဖို့ လိုအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013