DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေး စွန့်ပစ်မြေစာ မီးလောင်အငွေ့များကြောင့် ဒေသခံများ ကျန်းမာရေး စိုးရိမ်နေရ
DVB
·
October 21, 2017
ကျောက်မီးသွေး စွန့်ပစ်မြေစာ မီးလောင်အငွေ့များကြောင့် ဒေသခံများ ကျန်းမာရေး စိုးရိမ်နေရ
Donate to DVB

တနသာင်္ရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကွမ်းချောင်းကြီးကျေးရွာ ကျောက်မီးသွေးတူးဖော်မှု ရပ်ဆိုင်းထားပေမယ့် စွန့်ပစ်မြေစာကနေ မီးလောင်ထွက်ရှိလာတဲ့ အငွေ့တွေကို ကုမ္ပဏီက တာဝန်ယူ ငြှိမ်းသတ်ပေးတာမရှိတဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မီးသွေးတူးဖော်မှုကို ရပ်ဆိုင်းထားတာ ၃ လ လောက်ကြာပြီဖြစ်ပေမယ့် စွန့်ပစ်ကျောက်မီးသွေး မြေစာပုံတွေကနေ မီးလောင်ထွက်ရှိလာတဲ့ အငွေ့တွေကို ကုမ္ပဏီက တာဝန်ယူလာရောက်ငြှိမ်းသတ်တာ မရှိတဲ့အတွက် ဒေသခံတွေ ရှူရှိုက်မိပြီး မူးဝေတာ၊ ခေါင်းကိုက်တာ၊ နှာစေးပြီး အသက်ရှူမ၀တဲ့အပြင် ကိုယ်ခန္ဓာ ယားယံတာတွေ ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၇ မေ ၂၇ ရက်နေ့က တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်ပြီး အဖွဲ့စုံကွင်းဆင်းစစ်ဆေးရာမှာ ကုမ္ပဏီအနေနဲ့ ဥပဒေပါ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာမှု အားနည်းတာတွေ့ရှိတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်က “ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ရဲ့ အသံတွေပဲ နားထောင်မယ်။ လုပ်ရမယ့်ဟာတွေနဲ့ ပတ်သက်လို့လည်း အဖွဲ့စုံနဲ့သွားပြီး ညွှန်ကြားထားခဲ့ပြီးပါပြီ။ ညွှန်ကြားထားခဲ့တဲ့အပေါ်မှာ သူတို့က ဆောင်ရွက်တဲ့အပိုင်းတွေမှာ ရှိတော့ရှိတယ်။ ဒါပေမယ့် အားနည်းတယ်။ ဒေသခံပြည်သူနဲ့ အဆင်မပြေဘူးဆိုရင် ကျနော်တို့ မဖွင့်ပေးဘူး” လို့ ပြောပါတယ်။

ဘန်းချောင်း ကျောက်မီးသွေး မိုင်းစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးစောတင်ဦးက “ကျောက်မီးသွေးလုပ်ငန်း တကယ်လို့ ဖြစ်မြောက်ခဲ့ပေမယ့် ကျနော်တို့မှာ ထိခိုက်မှုရှိမယ့် ရေထု၊ လေထု၊ မြေထု ကျနော်တို့ နေထိုင်မှုအဆင့်မှာဆိုရင် ဌာနေတိုင်းရင်းသား တောသားစစ် ပြောရမယ်ဆိုရင် ဆေးခန်း ကြီးကြီးကျယ်ကျယ်လည်း မရှိဘူး။ စမ်းသပ်ဖို့အတွက်လည်း မရှိဘူး။ အဲဒါတွေ ကျနော်တို့ စိုးရိမ်တယ်။ နောင်လာ နောင်သားတွေအတွက်လည်း တကယ်ကို သုံးနေတဲ့ချောင်းတို့ လေထုတို့ အဆိပ်ဖြစ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်”လို့ ပြောပါတယ်။

ကွမ်းချောင်းကြီးကျေးရွာမှ စောစတီးဗတီး က “လက်ရှိမှာ ကျနော်တို့ အခက်အခဲခံစားနေရတာ ဒီလိုမျိုး ကျောက်မီးသွေးအကွက်ထဲမှာ အနံ့တွေအမျိုးမျိုးပဲ ရှူနေရတာပေါ့။ အဲဒီအနံ့ရှူရရင်လည်း လူတွေက မအီမသာဖြစ်သွားတယ်။ ကျန်းမာရေး အခြေအနေတွေလည်း မမျှတဘူးပေါ့။ ပြီးတော့လည်း မီးကလည်း ခဏ ခဏ မီးလောင်ကျွမ်းနေတာပဲ။ သူတို့က ဒီမီးကို သတ်ပစ်လို့ မရနိုင်တော့ဘူးလား”လို့ ပြောပါတယ်။

ကွမ်းချောင်းကြီးကျေးရွာ မိုင်းတွင်း အနီးနေထိုင်သူ နော်အယ်သာလေးဝါး က “ဆိုးကျိုးကတော့ အများကြီးပဲ။ အရင်တုန်းက ကျမတို့က ကျောက်မီးသွေးကုန်းနားမှာပဲ နေတယ်လေ။ မိုင်းနဲ့ တအားနီးကပ်တော့ အဲနားမှာ အနံ့ တအားထွက်တယ်။ ညဖက်ဆိုပိုပြီးတော့ ထွက်တယ်ပေါ့နော်။ အနံ့ထွက်တဲ့အချိန်မှာ ခေါင်းကိုက်တယ်၊ နောက်ပြီးတော့ မူးဝေတယ်ပေါ့နော်။ နောက်ပြီးတော့ နားစေးသလိုမျိုး နှာခေါင်းပိတ်နေတယ်။ အဲဒီလိုကျတော့ ကျမတို့က နေလို့မရဘူး။ ကလေးကလည်း ငယ်သေးတော့ စိုးရိမ်ရတယ်လေ။ အဲဒီကနေ ပြောင်းလိုက်ရတယ်” လို့ ပြောပါတယ်။

အဆိုပါ ကျောက်မီးသွေးတူးဖော်မှုကို ကွမ်းချောင်းကြီးကျေးရွာ ရွာသူရွာသားများပိုင် လယ်မြေ၊ နှစ်ရှည် ဥယျာဉ်ခြံမြေ မြေဧက ၆၀ ပေါ်မှာ ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ East Star နဲ့ Thai Asset တွေက တူးဖော်ထုတ်ယူနေပြီး ထွက်ပေါ်လာတဲ့ အညစ်အကြေးတွေကို ချောင်းအတွင်း စွန့်ထုတ်မှုကြောင့် ရေထု၊ လေထု၊ မြေထုနဲ့ လူတွေကို ပိုမိုထိခိုက်လာမှာကို စိုးရိမ်ရတဲ့အတွက် တိုင်းဒေသကြီးအစိုးရကို ကျောက်မီးသွေးတူးဖော်မှုကို အချက် ၁၁ ချက်ပါဝင်တဲ့ တောင်းဆိုမှု တွေကို နှစ်ဖက်သဘောတူညီခဲ့ပေမယ့် ကုမ္ပဏီဘက်က လိုက်နာမှုမရှိ တဲ့အတွက် ကျောက်မီးသွေးတူးဖော်မှုကို လုံးဝပိတ်သွားဖို့ လုပ်ဆောင်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၀ ခုနှစ်တည်းက East Star နဲ့ Thai Asset ကုမ္ပဏီတို့က ကျောက်မီးသွေးတူးဖော်မှုကို လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲတဲ့အပြင် ဒေသအုပ်ချုပ်ရေး လက်လှမ်းမမီတဲ့အပေါ် ကုမ္ပဏီအနေနဲ့ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုအတွက် အပြည့်အ၀ လျော်ကြေးပေးဆောင်တာမရှိသလို ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးတာမရှိဘူးလို့ သိရပါ တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013