DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ဆည်ရေလွှတ်မှုကြောင့် ကျေးရွာအချို့ ရေကြီး၊ ရေလွတ်ရာ ပြောင်းရွှေ့
DVB
·
October 20, 2017
Donate to DVB

ဝမ်းတွင်းမြို့နယ်အတွင်း မိတ္ထီလာကန်ရေနဲ့ စမုံဆည်ရေ စိုးရိမ်ရေမှတ် ရောက်နေတာကြောင့် ချောင်းတွေထဲ ရေအများအပြားလွှတ်လို့ အောက်တိုဘာ ၂၀ ရက် မနက်က ကျေးရွာတွေအတွင်း ရေ၀င်ရောက်လာလို့ ရေလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။

ညောင်ဦးဖီးရွာ၊ ကိုင်းရွာ၊ နတ်နန်းရွာ၊ လျှော်ပင်ရွာ၊ ကံသာရွာ စတဲ့ ၅ ရွာအတွင်း ရေ ၃ ပေလောက် ဝင်ရောက်လာလို့ လူနဲ့ တိရစ္ဆာန်တွေ ရေလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

ညောင်ဦးဖီးအုပ်ချူပ်ရေးမှူး ဦးတင်ဆင့်က “ရွာထဲက လူနေအိမ်တွေထဲ ရေတွေ တက်လာတာ။ မနေ့ည ၁၂ နာရီလောက်ကတည်းကပေါ့။ ဒီနေ့မနက်တော့ မြို့နယ်က ဌာနဆိုင်ရာတွေ လာရောက်ပြီး ကူညီပေးပါတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေရယ်၊ တိရစ္ဆာန်တွေရယ်၊ ရေလွတ်ရာ နေရာ ရွှေ့ပေးထားတယ်။ အိမ်ခြေ ၁၃၈ အိမ်လောက် ရေတက်နေတယ်။ စားသောက်ရေးလည်း ရေလွတ်ရာမှာ ချက်ပြုတ်စားရတယ်။ ရေလွတ်တဲ့ တွင်းက ရေပဲ သောက်ရတယ်”လို့ ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်မျိုးက “ဌာနဆိုင်ရာတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ အဲဒီရေဝင်တဲ့ ရွာတွေကို သွားပြီး အကူအညီပေးပါတယ်။ ကန်တွေ ဆည်တွေက စိုးရိမ်ရေမှတ်ဆိုတော့ ရေလွှတ်တာက ရွာတွေထဲ ရေဝင်တာပေါ့။ အသေအပျောက် မရှိပါဘူး။ လယ်ယာပျက်စီးမှုကတော့ ရေကျမှပဲ သိရမယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းအရ မိတ္ထီလာကန် ရေလွှတ်ရင် အနောက်ဘက်ပိုင်း ရွာတွေ ရေဝင်ပြီးမှ အရှေ့ဘက်ပိုင်းရွာတွေကို ဝမ်းတွင်း ရေလွှဲဆည်ချောင်းကတဆင့် ရေဝင်ပါတယ်။ ဝမ်းတွင်းမြို့အရှေ့ဘက်ပိုင်းမှာ စမုံဆည်က စိုးရိမ်မှတ်ကြောင့် စမုံချောင်းထဲ ရေလွှတ်ပါတယ်။ မိတ္ထီလာကန်ရေ စမုံချောင်းရေ ၂ ခုပေါင်းပြီး ရွာထဲ ရေတက်လာပါတယ်။

စမုံချောင်းဘေးရွာတွေနဲ့ သင်ပုန်းချောင်း ဘေးရွာတွေ၊ ဝမ်းတွင်း ဆည်ဝင်ချောင်း ဘေးရွာတွေက ပြည်သူတွေကို အုပ်ချုပ်ရေးမှူးတွေက လော်စပီကာနဲ့ ရေတက်လာနိုင်တယ်လို့ သတိပေး ကြေညာထားတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013