DVB Logo
Home
မြန်မာသတင်း
ဦးဖြိုးကိုကိုတင့်ဆန်းကို အမှု ၃ ခုဖြင့်ထပ်စွဲ၊ နောက်ထပ် ဆက်စပ်သူ ၅ ဦး ဖမ်းဆီး
DVB
·
October 20, 2017
ဦးဖြိုးကိုကိုတင့်ဆန်းကို အမှု ၃ ခုဖြင့်ထပ်စွဲ၊ နောက်ထပ် ဆက်စပ်သူ ၅ ဦး ဖမ်းဆီး
Donate to DVB

နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးထားတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၆၁၊ (က)၊(င) အပါအ၀င် ပုဒ်မ ၃ ခုနဲ့ ထပ်ပြီးအမှုဖွင့်လိုက်သလို ဒီဖြစ်စဉ်နဲ့ဆက်စပ်တဲ့သူ ၅ ဦးကိုလည်း ထပ်မံဖမ်းဆီး စစ်ဆေးနေတယ်လို့ ဒက္ခိဏသိရိမြို့မ ရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းကို တပ်မတော်နဲ့ ရဲဝတ်စုံတွေကို ထင်ယောင်ထင်မှားဖြစ်မယ့် ဝတ်စုံ၊ အမှတ်တံဆိပ်တွေ လက်ဝယ်ထားရှိတာ၊ တရားမဝင် ဆက်သွယ်ရေးစက် အသုံးပြုတာနဲ့ တရားမဝင် ကုန်ပစ္စည်း တင်သွင်းတာတွေကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့ နောက်ထပ် အမှု ၃ ခု ထပ်တိုးပြီးဖွင့်တာလို့ နေပြည်တော်၊ ဒက္ခိဏသိရိမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။

“ကျနော်တို့ ဒက္ခိဏမြို့မ ရဲစခန်းအနေနဲ့ အမှု ၄ ခု ဖွင့်ထားပါတယ်။ ပထမဖွင့်တဲ့အမှုက လက်နက်မှုနဲ့ ဖွင့်တာပါ။ နောက်ထပ်ဖွင့်တာက ပ ၃၉၈ - ၂၀၁၇ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊  ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ မြန်မာနိုင်ငံအစိုးရရဲ့ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၆၁ (က)၊ (င)နဲ့ ဖွင့်ထားပါတယ်။”

ဒါ့အပြင် မနေ့တုန်းကလည်း နောက်ထပ်မသင်္ကာသူ ၅ ယောက်ကို ထပ်မံဖမ်းဆီးပြီး ဒက္ခိဏသိရိမြို့မ ရဲစခန်းမှာပဲ ထိန်းသိမ်းကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

“သူတို့ကတော့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ လက်နက်ပုဒ်မ ၁၉-က နဲ့ ပတ်သက်ပြီးတော့ သူတို့က ပူးပေါင်းပါဝင်လာနိုင်တယ်လို့ မသင်္ကာလို့ ဖမ်းထားတာပါ။ သူတို့က ဟိုတယ်မှာနေကြတဲ့ လူတွေလေ။”

နောက်ထပ်ဖမ်းဆီးခံရသူတွေကတော့ ဦးဂျိုးဇက် (ခေါ်) စယောသ၊   ဇင်ကိုလတ်(ခ)ဇင်ကို၊  ရဲအောင်ဖြိုး၊  မျိုးမြင့်ဇော် (ခ) ကိုမျိုး၊   မခင်ဝင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် မနေ့တုန်းကလည်း နေပြည်တော် ACE ဟိုတယ်မှာ နောက်ထပ် လက်နက် နဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံ ဖမ်းဆီးရမိကြောင်းလည်း ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တဲ့အတွက် ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို မူးယစ်မှု၊ လက်နက်ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

အဲဒီနောက် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ်တွေကို ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန်ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိထားပါတယ်။

ဒီအမှုနဲ့ပတ်သက်သလို နေပြည်တော်နဲ့ ရန်ကုန်မှာပါ လူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးမှုတွေ  လုပ်နေတယ်လို့လည်း   ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။

အခုလိုလက်နက်တွေ အမြောက်အမြား ဖမ်းဆီးရမိတာကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲဆိုသင့်ကြောင်းနဲ့ ဒါဟာ နိုင်ငံတော်လုံခြုံရေးအတွက် အလွန်စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ တရား လွှတ်တော်ရှေ့နေ  ဦးရောဘတ်ဆန်းအောင်က  ပြောပါတယ်။

“ဒါက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ပဲ စွဲရမှာပဲ။  စစွဲကတည်းကိုက အဲဒါကနေ စစွဲရမယ်။ ကျန်တာတွေကတော့ ဥပမာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၆ တို့၊  လက်နက်ဥပဒေတို့၊ ဆက်သွယ်ရေးဥပဒေတို့ အဲဒါတွေကတော့ ဘေးကနေ တွဲပါတာ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ဗျ သေနတ်တလက်အတွက် ကိုတင်မောင်ဦးကို  (ကျောင်းသားခေါင်းဆောင်) ပုန်ကန်မှုနဲ့ အပြစ်ပေးတာ။ ဦးနေဝင်းရဲ့ မြေးတွေကိစ္စမှာလည်း ကြည့်ပါ။ သူတို့လောက်တောင် အဆင့်မြင့်တဲ့ပစ္စည်းတွေ မပါဘူးဗျာ။ ဒါပေမယ့်လို့ အရေးယူတဲ့ပုဒ်မကိုကြည့်၊ အခု အရေးယူတဲ့ ပုဒ်မကတော့ အားနည်းနေတယ်။ သူတို့ကို ထိုက်ထိုက်တန်တန် အရေးယူရမယ်။ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ပုန်ကန်မှုကတော့ လုံးဝ  အကျုံးဝင်တယ်။

“ဒီကျည်ဆန်တွေကို ကြည့်လိုက်ဗျာ။ လူ ၅၀၀ လောက်ကို သွေးချောင်းစီးအောင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်နိုင်တဲ့ လက်နက်တွေဗျာ။ လျှော့တွက်လို့ မရဘူး။ လေးခွမဟုတ်ဘူး။ ဖရဲသီးသည် ဓားတချောင်းနဲ့တောင် လက်နက် ပုဒ်မနဲ့ ၆ လ ချတာ။ ဒါက ဖရဲသီးသည်ရဲ့ ဓားမဟုတ်ဘူး။ အင်မတန် အစွမ်းထက်ပြီးတော့ အမေရိကန်စစ်တပ်မှာတောင် အဆင့်မြင့်တွေ သုံးတာ။ နောက်တပ်မတော် တပ်စိတ်တစိတ်ရဲ့ လက်နက်ထက် သာလွန်ကောင်းမွန်နေတယ်။ သူတို့ကို ရင်ဆိုင်တိုက်ဖို့တောင်မှ တော်တော်ခက်သွားမှာ။ ကံကောင်းလို့ကို မိတာ။ ဒါဟာ တရားဥပဒေကို စိန်ခေါ်လိုက်တာပဲ” လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013