DVB Logo
Home
Lead Story
အမျိုးသားစည်းလုံးညီညွတ်ရေး ဘာလဲ ဘယ်လဲ
DVB
·
October 20, 2017
အမျိုးသားစည်းလုံးညီညွတ်ရေး ဘာလဲ ဘယ်လဲ
Donate to DVB

စစ်အစိုးရ ခေတ်လွန်ကာလ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးထိပ်ထား အုပ်ချုပ်သော ဒီမိုကရေစီခေတ်ဟု သတ်မှတ်သော ၂၀၁၀ ခုနှစ်မှစ၍ ယခု ၂၀၁၇ အထိ တက်လာသော အစိုးရအဖွဲ့ နှစ်ဖွဲ့အုပ်ချုပ်သည့် ကာလတွင် ဒုတိယအကြိမ် လူထုမဲဖြင့် တက်လာသော အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ပြဿနာမှာ ပထမတက်လာသော ဦးသိန်းစိန်အစိုးရထက် ပို၍ ရှုပ်ထွေးသော၊ ပို၍လည်း ဦးနှောက်ခြောက်စရာကောင်းသော ရင်ဆိုင်မှုများကို ကြုံတွေ့ခဲ့ရပါသည်။ ယခုလောလောဆယ်ကာလတွင် ရခိုင်ပြည်နယ်၌ အတင်းခိုးဝင်လာသော ဘင်္ဂါလီများ၏ ပြဿနာမှာ ကမ္ဘာ့ပြဿနာထဲတွင် ပါလာလေတော့သည်။ ကုလသမဂ္ဂ၏ ထိပ်ဆုံးပြဿနာအဖြစ်လည်း ထိုဘင်္ဂါလီပြဿနာကို အဓိကထားကာ မြန်မာနိုင်ငံကို ဝေဖန်ရှုတ်ချခြင်းများ ဖြစ်ပေါ်လာသည်။ မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် အမေရိကန်နှင့် ထိပ်တိုက်တွေ့ကာ တတိယကမ္ဘာစစ်ကြီး ဖြစ်တော့မယောင် ထိတ်ထိတ်လန့်လန့် ဖြစ်နေမှုသည် ကုလသမဂ္ဂ၏ ဦးစားပေးမှနေ ယခု ဒုတိယနေရာ ရောက်သွားပြီး ဘူးသီးတောင်၊ မောင်တောမှ ARSA အကြမ်းဖက်ဘင်္ဂါလီအဖွဲ့အစည်းနှင့် အကြမ်းဖက်လှုပ်ရှားမှုများ၊ ခိုးဝင်ဘင်္ဂါလီများ၏ နယ်စပ်ရဲစခန်းများကို တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသမျှ တိုက်ခိုက်မှုများ၌ ယခုအချိန်သည် အပြင်းထန်ဆုံးဟု သတ်မှတ်၍ရသည်။ ထိုပြဿနာမှာ ယခင်ကတည်းက ပြတ်ပြတ်သားသား မဖြေရှင်းခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှ မြန်မာနိုင်ငံထဲ ခိုးဝင်လာသော ဘင်္ဂါလီများကို အရေးမယူခဲ့ရုံ၊ ပြတ်ပြတ်သားသား မဖြေရှင်းခဲ့ရုံမက ယခင့်ယခင်ကတည်းက အုပ်စိုးသူ အစိုးရများသည် မိမိတို့ အကျိုးစီးပွားကိုသာ ကြည့်ခဲ့သောကြောင့် ယခုလို ပုဆိန်ဖြင့်ပေါက်ရမည့် ပြဿနာအဖြစ် လက်ရှိအစိုးရခေါင်းပေါ် ရောက်လာခဲ့တော့သည်။

အန်အယ်လ်ဒီအစိုးရကို အစိုးရအဖွဲ့ ဖွဲ့စည်းပြီး ရာဇပလ္လင်ပေါ် ရောက်လာသည်မှာ ၂၀၁၆၊ မတ်လမှနေ ယခုအထိဆိုလျှင် အချိန်တနှစ်ခွဲသာ ရှိသေး၏။ ထိုတနှစ်ခွဲ ကာလအတွင်း အစိုးရ၏ ဦးစားပေးလှုပ်ရှားမှုအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ၂၁ ရာစုပင်လုံဟု ကြွေးကြော်ကာ ထိုကြွေးကြော်ချက်အတိုင်းလည်း ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီတပါတီလုံး အထူးသဖြင့် ခေါင်းဆောင်အားလုံးက စိုင်းပြင်းခဲ့၏။ အစိုးရအဖွဲ့ကိုလည်း မိမိတို့စိတ်ကြိုက် ရွေးချယ်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ကိုယ်ရေးကိုယ်သွေး အရည်အချင်းထက် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များကို လိုက်နာစေခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားမှ ထင်တိုင်းမပေါက်၊ ဆောင်တိုင်း မမြောက်ခဲ့တော့ပေ။ အထူးသဖြင့် တပ်မတော်ကိုလည်း အာဏာပေးထားရသောကြောင့် လူထုရွေးချယ်ထားသည့် အစိုးရအဖွဲ့မှာ မိမိတို့ လျှောက်ချင်သည့်လမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး မလျှောက်နိုင်တော့ပေ။ မဏ္ဍိုင်သုံးရပ်တွင် အုပ်ချုပ်ရေးအာဏာသည် လူထုရွေးချယ်လိုက်သော အစိုးရလက်ထဲတွင် ယခုထိ မရှိနိုင်ခြင်းက လက်ရှိအုပ်စိုးသူများ၏ အကျပ်အတည်း ဖြစ်ပေတော့သည်။ ထို့ကြောင့် ယနေ့အခြေအနေတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ထင်တိုင်းမပေါက်သလို အောက်ခြေလူတန်းစားနှင့် ပြည်သူလူထုတရပ်လုံးအတွက် သက်သာချောင်ချိမှု မရှိနိုင်သေးဘဲ စီးပွားရေး ကျပ်တည်းသထက် ကျပ်တည်းလာသော အခြေအနေကိုသာ ရင်ဆိုင်နေရ၏။ စီးပွားရေးကျပ်တည်းမှုနှင့်အတူ ရာဇဝတ်မှုများလည်း ထူပြောလာသည်။

ယခင် စစ်အစိုးရကာလနှင့် စစ်တပိုင်း အစိုးရကာလအထိ ခေါင်က မိုးမလုံသော အကျင့်ပျက်မှု၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများ အဆိုးဝါးဆုံး ဖြစ်ခဲ့သော်လည်း ယခု၌မူ ခေါင်က အဂတိလိုက်စားမှုများ ယခုအချိန်အထိ သိသိသာသာ မပေါ်ပေါက်ခဲ့သေးပေ။ သို့သော် လာဘ်ပေးလာဘ်ယူမှုများ အစိုးရဌာနအသီးသီးတွင် ကင်းစင်သွားသည်ဟု သုံးသပ်မရသေးဘဲ လာဘ်ပေးနေရဆဲ၊ အကျင့်ပျက်နေဆဲကို ပြည်သူလူထုက အသိဆုံး ဖြစ်ပေသည်။ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုဟူ၍ မည်မည်ရရ လက်ညှိုးထိုးမပြနိုင်သေးပေ။ ကြွေးကြော်ခဲ့သော ပြောင်းလဲချိန်တန်ပြီဆိုသည့် ပြောင်းလဲမှုလုပ်ပါမည်ဆိုသည့် ကတိမှာ အပြောနှင့်အလုပ် မညီကြောင်း အာဏာရခေါင်းဆောင်များ ရိုးရိုးသားသား ဝန်ခံသင့်လေသည်။ ဆိုလိုသည်မှာ ပြည်သူလူထုသည် ယခုအချိန်အထိ စီးပွားရေးအရ အဖိနှိပ်ခံနေရဆဲ၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများ ခေါင်းပါးနေဆဲ၊ စာနယ်ဇင်းသမားများအဖို့ ယခင်အစိုးရထက်ပင် ဆိုးဝါးသော နှိပ်ကွပ်မှုများကို ခံနေရဆဲ ဖြစ်သောကြောင့် ပြောင်းလဲချိန် မတန်သေးဘူးလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

အန်အယ်လ်ဒီအစိုးရ၏ တနှစ်ခွဲသက်တမ်းအတွင်း အရေးတကြီး ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည့် ၂၁ ရာစုပင်လုံ ခေါ် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ယခုအချိန်အထိ ထိထိရောက်ရောက် အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်သေးပေ။ အင်အားအကောင်းဆုံးနှင့် အဓိကအကျဆုံး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အန်စီအေ လက်မှတ်မရေးထိုးနိုင်ခြင်း၊ အပစ်အခတ် မရပ်စဲနိုင်ခြင်းတို့မှာ ပျော့ကွက်များ ဖြစ်နေလေသည်။ ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသော သဘောထား ကွဲပြားနေသူများ၊ နိုင်ငံရေးအရ ဆန့်ကျင်နေသူများ၊ တလျှောက်လုံး ရန်ဘက်သဖွယ် ထိပ်တိုက်ရင်ဆိုင်နေသူများနှင့် ရင်ကြားပြန်စေ့ကာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မည်ဟုဆိုကာ ယခုအထိ ကြိုးပမ်းအားထုတ်ခဲ့ရာတွင် လက်တွေ့အားဖြင့် မအောင်မြင်သေးပေ။ အန်အယ်လ်ဒီ အစိုးရနှင့် ရင်ကြားစေ့ဖို့ အမျိုးသားပြန်လည်သင့်မြတ်ဖို့မှာ ၁၉၈၈ ခုနှစ်ကတည်းကစပြီး လွန်ခဲ့သော တနှစ်ခွဲအထိ ရင်ကြားမစေ့နိုင်သော တပ်မတော်နှင့်သာ ဖြစ်နေသည်။ ထို့ကြောင့် ရင်ကြားစေ့ရေးအတွက် ဦးစားပေး ဆောင်ရွက်နေသည်မှာ တပ်မတော်သာဖြစ်ကြောင်း သိသိသာသာ တွေ့ရှိရပါသည်။ ကျန်နိုင်ငံရေး အဖွဲ့အစည်းများနှင့် ယခုအချိန်ထိ ရင်ကြားမစေ့နိုင်သေး။ ပြန်လည်ပြီး တရင်းတနှီး၊ နှစ်နှစ်ကာကာ မသင့်မြတ်နိုင်သေးပေ။ ထို့ကြောင့်လည်း အမျိုးသားစည်းလုံးညီညွတ်ရေးမှာ အားကောင်းမောင်းသန် ဖြစ်မလာနိုင်ခဲ့ပေ။ ထိုသို့ တပ်မတော်နှင့် ထိပ်တိုက်ဖြစ်ခြင်း၊ ဆွေးနွေးငြင်းခုံခြင်း၊ မတူညီသော သဘောထားများကို ဝေဖန်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့သောကြောင့်လည်း (၁) ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုံးဝ မဆောင်ရွက်နိုင်ခြင်း၊ (၂) စာနယ်ဇင်းလွတ်လပ်မှုနှင့် ပြင်ဆင်ဖျက်သိမ်းသင့်သော ဖိနှိပ်သည့် ဥပဒေပုဒ်မများကို ယခုအထိ ဖျက်သိမ်း ပြင်ဆင်ခြင်းများ မပြုနိုင်ခြင်း၊ (၃) အလုပ်သမား၊ လယ်သမား စသော အောက်ခြေလူတန်းစားနှင့် ပြည်သူလူထုအတွက် အာမခံချက်ပေးနိုင်သော ဥပဒေများ ပြဋ္ဌာန်းခြင်း၊ လယ်သမားများ သိမ်းဆည်းခံရသော လယ်မြေများ ပြန်ပေးခြင်း၊ ကျောင်းသားများ၏ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းကို ခွင့်ပြုခြင်း၊ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာကို ပြတ်ပြတ်သားသားနှင့် အမြန်ဆုံး ပြဋ္ဌာန်းပေးခြင်း စသည်များကို မဆောင်ရွက်နိုင်ခြင်း၊ (၄) နိုင်ငံတော်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များနှင့် အနှစ် ၇၀ ကျော်နီးပါးဖြစ်နေသော လက်နက်ကိုင်တိုက်ပွဲများကို ရပ်ဆိုင်းလိုက်ကြောင်း တိတိကျကျ၊ ပြတ်ပြတ်သားသား မကြေညာနိုင်ခြင်း စသော အကျပ်အတည်းများ၊ ချို့ယွင်းချက်များ ကြုံတွေ့နေရခြင်းသည် ယနေ့ အာဏာရ အန်အယ်လ်ဒီအစိုးရ၏ ပျော့ကွက်များ ဖြစ်နေလေသည်။

ထိုပျော့ကွက်များကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံတကာက ယုံယုံကြည်ကြည်နှင့် ရင်းနှီးမြုပ်နှံဖို့ သိသိသာသာ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ဖို့မှာ ထင်တိုင်းပေါက်လိမ့်မည် မဟုတ်ပေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရ၏မူနှင့် အစိုးရ၏ သဘောထားက တမျိုး၊ တပ်မတော်၏မူနှင့် တပ်မတော်၏ သဘောထားက တမျိုး ဖြစ်နေလျှင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးဖို့ အခက်အခဲ ဖြစ်ပေလိမ့်မည်။ အရပ်သားအစိုးရနှင့် တပ်မတော်တို့ ကြေကြေလည်လည် ညှိနှိုင်းကာ လက်ခံသည်၊ လက်မခံသည်ကို ဆုံးဖြတ်မှသာလျှင် ငြိမ်းချမ်းရေးခရီး ပိုမိုနီးစပ်ပေမည်။ တချိန်တည်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တပ်မတော်တခုတည်းနှင့် သင့်မြတ်ရေးအတွက် လုပ်ဆောင်သည်ထက် ကျန်နိုင်ငံရေးအဖွဲ့များရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ရော လူငယ် ကျောင်းသားများနှင့်ရော ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ရပေမည်။ လက်တွေ့ ဤကဲ့သို့ လုပ်ဆောင်ခြင်း ရှိ၊ မရှိကို ကာယကံရှင်များ အသိဆုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အန်အယ်လ်ဒီအစိုးရ တနှစ်ခွဲကာလ၊ အန်အယ်လ်ဒီပါတီ၏ ၂၉ နှစ်တာ နိုင်ငံရေး ခရီးလမ်းကြောင်းမှာ မိမိတို့၏ ရည်မှန်းချက်များ ထင်တိုင်းမပေါက်သည့်တိုင် မျှော်လင့်သလောက် မည်မျှရောက်လာသလဲဆိုသည်ကို သုံးသပ်ဖို့နှင့် အမှန်အတိုင်း ဆုံးဖြတ်ဖို့ အချိန်ရောက်လာပေသည်။ ယခုလို တနှစ်ခွဲ သက်တမ်းလေးကို ရောင့်ရဲနေလျှင် အခက်အခဲ၊ အကျပ်အတည်းများဖြင့် နှာခေါင်းကျည်ပွေ့ တွေ့လာပေလိမ့်မည်။ ဘူးသီးတောင်၊ မောင်တောပြဿနာနှင့် ဆိုးဝါးသော အကြမ်းဖက်အဖွဲ့အစည်းတခု ဖြစ်တည်လာခြင်း၊ အချုပ်အခြာအာဏာကို ထိပါးစေသည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာခြင်းများ တဖက်ကိုပဲ အပြစ်တင်သည်ထက် မိမိဘက်ကိုပါ သုံးသပ်ဖို့လိုသည်။ တိုင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ယူထားသော တပ်မတော်မှာလည်း သုံးသပ်သင့်သည်။ လူမလေး ခွေးမခန့် စော်ကားလာခြင်းကိုလည်း ထိရောက်စွာ တုံ့ပြန်ရပေမည်။ လူ့သမိုင်း ဖြစ်တည်မှု၊ ရခိုင်သမိုင်း ဖြစ်တည်မှုတွင် မရှိခဲ့ဘူးသော ရိုဟင်ဂျာဆိုသည့် လူမျိုးတမျိုးကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု သုံးနှုန်းလာခြင်းမှာ သဘာဝလည်းမကျ၊ မမှန်လည်း မမှန်ကန်သောကြောင့် မြန်မာပြည်သူများ လက်မခံနိုင်သည်မှာ အားလုံးအသိ ဖြစ်ပါသည်။ သို့သော် ထိုအခြေအနေမျိုး ဖြစ်ပေါ်လာအောင် ယခင် ပထစအစိုးရကစပြီး ဗိုလ်နေဝင်း ယူနီဖောင်းဝတ် အစိုးရ၊ အရပ်ဝတ်အစိုးရ၊ ဗိုလ်သန်းရွှေ စစ်အစိုးရအဆက်ဆက်က မသိကျိုးကျွန်ပြုလာသည့် အားနည်းချက်အပြင် ယခုအချိန်အထိ အုပ်ချုပ်လာသော အစိုးရများကလည်း ထိထိရောက်ရောက် ကုလသမဂ္ဂတွင်ရော နိုင်ငံတကာ သံတမန် ဆက်ဆံရေးတွင်ရော ကြိုးပမ်းဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ယခုလို အကျပ်အတည်းနှင့် ကြုံနေရသည်ကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့လိုသည်။ တချိန်တည်းတွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုကို ရေရှည်ဆွဲမနေဘဲ မြန်မြန်နှင့် ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ဖို့လည်း လိုသည်။ ရှေ့ဆက်၍ အလားအလာ ရှိနေသေးသော ခိုးဝင်လာမှုကို အကူအညီပေးနိုင်သော နိုင်ငံကြီးများနှင့်တိုင်ပင်ကာ တံတိုင်းခတ်ခြင်း၊ လုံခြုံရေးကို ယခုထက် နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်ဖို့လည်း လိုပါသည်။ တနှစ်ခွဲကာလအတွင်း အစိုးရအဖွဲ့အသစ်အနေဖြင့် အရေးအကြီးဆုံးသော လုပ်ဆောင်သင့်သည့် အချက်မှာ ရဲရင့်ပြတ်သားဖို့နှင့် မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်နိုင်ဖို့ ဖြစ်ပါသည်။ တနည်း မိမိကိုယ်ကိုယ် မှန်ထဲတွင် သေသေချာချာ လေးလေးနက်နက် ကြည့်ပြီး ကိုယ့်မျက်ချေးကိုယ် ရှာတွေ့နိုင်ဖို့ အရေးကြီးပါသည်။ ဝေဖန်ထောက်ပြသည်များကို လက်ခံနိုင်ဖို့လည်း လိုသည်။ အားနည်းချက်များကို မရှာဖွေနိုင်လျှင် မိမိတို့ဆန္ဒရှိသော ပြုပြင်ပြောင်းလဲမှုမှာလည်း ဝေးသထက် ဝေးနေပေမည်။ ယခုအခြေအနေမှာ ကမ္ဘာက အာရုံစိုက်နေသလို စည်းလုံးညီညွတ်မှု အားနည်းနေသော အခြေအနေ၊ အကြမ်းဖက်သမားများ၏ အချုပ်အခြာအာဏာကို ထိပါးလိုသည့် အခြေအနေ ရှိသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး လိုက်လျောပြီး အမြန်ဆုံး တည်ဆောက်ဖို့၊ ပြည်သူတရပ်လုံးက လုံးဝဆန့်ကျင်သည့် ၂၀ဝ၈ ဖွဲ့စည်းပုံကို အမြန်ဆုံး ပြင်ဆင်ပစ်ဖို့၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှအား ရပ်ဆိုင်းပစ်ဖို့၊ ပြင်ဆင်ပစ်ဖို့ ဒီမိုကရေစီကို မှန်မှန်ကန်ကန် တည်ဆောက်နိုင်ဖို့ အရေးကြီးနေပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013