DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးအဆို မဲခွဲဆုံးဖြတ်
DVB
·
October 19, 2017
မသန်စွမ်းသူများအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးအဆို မဲခွဲဆုံးဖြတ်
Donate to DVB

မသန်စွမ်းသူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးဖို့ တိုက်တွန်းကြောင်း အဆိုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အဆိုကို ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါက်တာကျော်သူဟန်ထွန်းက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက အကြံပြု ထောက်ခံဆွေးနွေး ခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက မသန်စွမ်းတွေနဲ့ပတ်သက်ပြီး ကော်မတီတွေလည်း ဖွဲ့ဖို့ရှိတာကြောင့် အဆိုကို မှတ်တမ်းတင်ထား ဖို့သာ တိုက်တွန်းခဲ့တာပါ။

ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်ရဲ့သဘောဆန္ဒကို မေးမြန်းရာမှာ လွှတ်တော်အဆုံးအဖြတ်ကို ခံယူမယ်ဆိုတာကြောင့် လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ လျှို့ဝှက်မဲပေးစနစ်နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုလျှို့ဝှက်မဲပေးစနစ်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ် စတင်အသုံးပြုတာလည်းဖြစ်ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ မဲပေးသူ ၈၃ ဦးရှိတဲ့အထဲက ထောက်ခံသူ ၄၈ ဦး၊ ကန့်ကွက်သူ ၂၂ ဦး၊ ကြားနေ ၉ ဦးနှင့် ပယ်မဲ ၄ ဦးရှိခဲ့တဲ့အတွက် အဆိုအောင်မြင်ခဲ့ပါတယ်။

အဆိုတင်သွင်းခဲ့တဲ့ ဒေါက်တာကျော်သူဟန်ထွန်းက "ဒီအဆိုက ဒီလောက်ထိဖြစ်စရာ အကြောင်းမရှိဘူးလို့ မျှော်မှန်းထားတာပေါ့။ လူ့အသိုင်းအဝိုင်း တခုရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံတခုရဲ့ ဂုဏ်သိက္ခာ၊ ထပ်ပြောရရင် လွှတ်တော် အမတ်ရဲ့ ဂုဏ်သိက္ခာတွေက ဒီမိုကရေစီနိုင်ငံတွေမှာ မသန်စွမ်းသူတွေကို ဘယ်လောက်ထိ စဉ်းစားဆုံးဖြတ်ပြီး လုပ်ကိုင်ပေးနေကြလဲဆိုတဲ့အပေါ်မှာ စံနှုန်းတခုနဲ့ တိုင်းတာနေကြတယ်။ ကျနော်ကိုယ်တိုင်လည်း မသန်စွမ်းတယောက်ပါ။ ပြည်သူတွေကိုပေးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်တွေမှာ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးမယ်ဆိုတဲ့အချက်လည်း ပါပါတယ်။ အခုလည်း ကျနော်တို့မလုပ်နိုင်တဲ့ အလုပ်တွေကို ခန့်ထားပေးဖို့တောင်းဆိုနေတာ မဟုတ်ပါဘူး။ လုပ်နိုင်တဲ့ သင့်လျော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ခန့်ထားပေးဖို့ ပြောတာပါ။ မသန်စွမ်းသူတွေ ခွဲခြားဆက်ဆံ ခံနေရတဲ့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ အနေနဲ့ အဆိုတင်ရတာပါ" လို့ ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့လွှတ်တော်ကို ချပ်သင်း၊ မုံရွာရောင်ခြည်သစ်၊ ပြင်ဦးလွင်မျက်မမြင် ကျောင်း ဆရာတော်ဥူးညေယျစတဲ့ မသန်စွမ်းပုဂ္ဂိုလ်တွေလည်း လာရောက်လေ့လာခဲ့ကြပါတယ်။ အခုလို အဆိုအောင်မြင်သွားတဲ့အတွက် လာရောက်လေ့လာကြတဲ့ မသန်စွမ်းတွေကတော့ အရင်က ထက် ပိုမိုကောင်းမွန်လာဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

"အလုပ်တွေခေါ်ပြီဆိုရင် ကျန်းမာသန်စွမ်းသူဖြစ်ရမယ်ဆိုတဲ့ စကားစုလေးက ကျနော်တို့ အတွက် အတားအဆီးဖြစ်နေတယ်။ နောက်တချက်က အဆောက်အဦတွေပေါ့။ မသန်စွမ်းဥပဒေ ထွက်လာပြီးနောက်ပိုင်းတော့ ရန်ကုန်မှာဆို ၁၀ တန်းအောင်၊ အလယ်တန်းဆင့်ဆို ကောစင်တာ တွေ၊ ဘဏ်တွေမှာ အလုပ်ရတဲ့သူတွေရှိနေပြီ။ စက်ချုပ်တတ်သူတွေကိုလည်း အထည်ချုပ် စက်ရုံတွေမှာ အလုပ်လာလုပ်ဖို့ ကမ်းလှမ်းတာတွေရှိနေပြီ။ ဆံသထူးချွန်သူတွေ ဆိုရင်လည်း ဗျူတီပါလာတွေမှာ လခနဲ့နေပေးဖို့ကမ်းလှမ်းတာတွေ ရှိနေတဲ့အတွက် ကျနော်တို့တိုင်းမှာလည်း အဲလိုအခြေအနေတွေဖော်ဆောင်ပေးနိုင်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ပညာရေးနဲ့ လုပ်နိုင်တဲ့ အလုပ်တွေအားလုံးတိုင်းမှာ လျှောက်ထားခွင့်ပေါ့လေ။ သူတို့အနေနဲ့ ကျန်းမာသန်စွမ်းသူ ဖြစ်ရမယ် ဆိုတာလေးကို အဖက်ဖက်က ပူးပေါင်းလုပ်ပေးမယ်ဆိုရင် အဲဒီအတားအဆီးလေး ကိုလည်း ကျော်နိုင်မယ်ထင်ပါတယ်။ နောက်ပြီး အဆောက်အဦတွေဆောက်တိုင်း မသန်စွမ်းတွေ အတွက် ထည့်ပြီးစဉ်းစားပေးလာနိုင်မယ်လို့ ထင်ပါတယ်"လို့ လွှတ်တော်လေ့လာရေး လာရောက်ခဲ့တဲ့ မသန်စွမ်းသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၄.၆ ရာခိုင်နှုန်းရှိပြီး အမြင်အာရုံချို့တဲ့သူ ၂.၅ ရာခိုင်နှုန်း၊ အကြားအာရုံချို့တဲ့သူ ၁.၃ ရာခိုင်နှုန်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁.၉ ရာခိုင်နှုန်းနှင့် ဉာဏ်ရည်ချို့တဲ့သူ ၁.၇ ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းမှာဖော်ပြထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအရ မသန်စွမ်းသူ ၂.၃ သန်းကျော်ရှိတဲ့အထဲက ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့တွေလို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013