DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက်ရှာသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ၆ ဦးသေဆုံး
DVB
·
October 19, 2017
လုံခြုံရေးရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက်ရှာသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ၆ ဦးသေဆုံး
Donate to DVB

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်တခုမှာ မနေ့ညက ရေမဆေးကျောက်တူးသမားတွေနဲ့  လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးကာ  ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မနေ့ည ၁၀ နာရီခွဲလောက်က လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီး တစ်သုံးလုံးကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက်ထဲမှာ လုပ်ကွက်လုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့  ရေမဆေး ကျောက်တူးသမားတွေကြား ပြဿနာဖြစ်ပြီး ရေမဆေးသမားတွေဘက်က တုတ်တွေဓားတွေ အသုံးပြုတိုက်ခိုက်သလို ရဲဘက်ကလည်း သေနတ်နဲ့ပစ်ခတ်တာကြောင့် အခုလို သေဆုံးဒဏ်ရာ ရခဲ့ကြတာလို့ လုံးခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလောခန်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီက ကျနော့်ကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာတော့ ရေမဆေးသမားတွေ ကျောက်ဝင်ရှာရင်း ပြဿနာဖြစ်တော့ ရဲကသူတို့ကို မောင်းထုတ်တယ်။ သူတို့က ပြန်သွားပြီး ခဏနေကျတော့ တုတ်တွေဓားတွေပါ ပါလာတယ်။ ရဲကို ၀ိုင်းတယ်။ ကျောက်တုံးကျောက်ခဲတွေ နဲ့လည်း ပစ်ကြတယ်တဲ့၊ လူတွေက အများကြီးပဲ ရာနဲ့ချီတယ်။ ညဆိုတော့ ဘယ်လောက်များမှန်း အတိကျမသိဘူး၊ တော်တော်များတယ်။ ရဲဘက်ကတော့ ဆယ်ဂဏန်းပေါ့၊ ရဲဘက်က ၂ ယောက်၊ ၃ ယောက် ဒဏ်ရာရတယ်။ ပြီးတော့ သူတို့လည်း လူအုပ်ထဲကို သေနတ်နဲ့ပစ်တယ်။ ပစ်တော့ သေတဲ့လူလည်းသေ၊ ဒဏ်ရာရတာလည်း အများကြီးပေါ့။ အခုလောလောဆယ် လုံးခင်းဆေးရုံ ရင်ခွဲရုံမှာ အလောင်း ၆ လောင်းရောက်တယ်။ အဲဒါ ခုကျနော် ဆေးရုံကို သွားနေပါတယ်ခင်ဗျ။”

ဒဏ်ရာရသူတွေမှာ ၂၀ ကျော်ရှိပြီး ဖားကန့်ဆေးရုံကို တချို့ပို့ဆောင်လိုက်သလို အဲဒီထဲက ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့အခြေအနေရှိသူ  ၉ ဦးကို မြစ်ကြီးနားဆေးရုံ လွှဲပြောင်းလိုက်တယ် လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။

အဲဒီပဋ္ဋိပက္ခကြောင့် တစ်သုံးလုံးကုမ္ပဏီပိုင် ဘက်ဟိုးကားတစ်စီး ဖျက်ဆီးခံခဲ့ရပြီး ညမှောင်တဲ့အတွက် ဘယ်အုပ်စုလက်ချက်ဆိုတာ မသိရကြောင်း၊ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း  သေချာမသိရသေးဘူးလို့  ဦးလောခန်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံးခင်းရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်မှုမရရှိခဲပါဘူး။ ဖားကန့်ရဲစခန်းကို မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားတယ်လို့သာ ကြားသိရပြီး အသေးစိတ်မသိရသေးကြောင်း ရဲအုပ်ဝင်းဇော်မျိုးက ပြောပါတယ်။

“အဲဒါက လုံးခင်းမှာဖြစ်တား၊ လုံးခင်းစခန်းကို မေးမှ သေချာသိရမယ်။ လုံးခင်းနယ်မြေ မှာဖြစ်တော့ ကျနော်တို့ မသိဘူး။ ကြားတော့ကြားတယ်။ ဂဃဂန မသိဘူး။”

အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘွတ်ခ်စာမျက်နှာမှာတော့ အခင်းဖြစ်ပွားမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၅ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၅ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဖားကန့်မှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား အခုလို ပြဿနာတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဒီလ ၈ ရက်နေ့တုန်းကလည်း လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ခြောက်လှန့် ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်သမား ၁ ဦး သေဆုံးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013