DVB Logo
Home
မြန်မာသတင်း
သံလွင်ဈေးက ငါးဒိုင်များကို မီးရထားပိုင်မြေဘက် ပြောင်းရွှေ့ရန် ပြည်နယ်ဝန်ကြီးချုပ် စီစဉ်
DVB
·
October 19, 2017
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်ဈေးက ငါးဒိုင်များကို မုပွန်ကျောက်မီးသွေးရုံရှိ မီးရထားဝန်ကြီးဌာနပိုင် မြေကို ပြောင်းရွှေ့ဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ မီးရထားပိုင်မြေကို ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းခံသွားမှာဖြစ်ပြီး ခွင့်ပြုချက် ရရှိတာနဲ့ ပြောင်းရွှေ့မှာဖြစ်ကြောင်း၊ လတ်တလောမှာ သံလွင်ဈေးက ငါးဒိုင်တွေကို ဈေးအနောက်ဘက်ခြမ်းက စည်ပင်သာယာပိုင် ကမ်းနားလမ်းဘက်ခြမ်းကို ပြောင်းရွှေ့ နေရာချထားပေးမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြောပါတယ်။

“ဝန်ကြီးချုပ်နဲ့ တိုင်ပင်ဖြစ်တယ်။ အဲဒီသံလွင်ဈေးကို ဝန်ကြီးချုပ်လည်း ဆင်းကြည့်သလို ကိုယ်လည်း ဆင်းကြည့်တယ်။ ကုန်တင်ကားကြီးတွေ ရပ်ထားတာတွေ၊ ကားတွေ ပစ်စလက်ခတ် ထားထားတာတွေကြောင့် ငါးညှီနံ့တွေ ထွက်တယ်လို့ ဝန်ကြီးချုပ်ကို ပြောတော့ သံလွင်ဈေးရဲ့ အနောက်ဘက်မှာ မြေအပိုတွေ ရှိတယ်။ စည်ပင်သာယာပိုင် မြေပဲ။ အဲဒီမှာ အဆောက်အဦလေး ဆောက်ပေးမယ်။ အောက်မှာလည်း ရေစီးဖို့အတွက် မြောင်းဖောက်ပေးမယ်။ လောလောဆယ်တော့ အဲဒီကို ပြောင်းရွှေ့ထားမယ်။ အောက်လမ်းမကြီးနဲ့လည်း မကပ်ဘူးဆိုတော့ ငါးညှီနံ့က လူနေရပ်ကွက်နဲ့ နည်းနည်းဝေးသွားပြီ။ မုပွန်ကျောက်မီးသွေးရုံဘက်က မီးရထားပိုင်မြေကို ပြည်ထောင်စုမှာ တောင်းထားတယ်။ ပြည်ထောင်စုက ခွင့်ပြုရင် ငါးဈေးပြန်ဆောက်ပေးမယ်။ အဲဒါကတော့ ရေရှည်အတွက်ပေါ့။”

မုပွန်ရပ်ကွက်က မီးရထားပိုင်မြေသည် ဈေးကြိုကားဝင်း ပြောင်းရွှေ့ တည်ဆောက်ဖို့အတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ဠကီး ဦးထွန်းဌေးက စီစဉ်ထားပြီး ယင်းမြေကိုပဲ ငါးဒိုင်နဲ့ မျှဝေသုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“မြေကွက်က အကျယ်ကြီးပဲလေ။ ငါးဈေးအတွက်က မြေဧက အကျယ်ကြီး မလိုဘူးလေ။ ရတဲ့မြေကွက်ပေါ် မူတည်ပြီးတော့ ငါးဈေးအတွက် စီစဉ်မှာပါ။”

သံလွင်ဈေး(ငါးဒိုင်)က ထွက်ရှိနေတဲ့ ငါးညှီနံ့တွေကြောင့် ပတ်ဝန်းကျင် ပြည်သူလူထုကို ကျန်းမာရေး ထိခိုက်စေတဲ့အတွက် ကျောက်တန်းစက်ရုံစုဘက်ကို ပြောင်းရွှေ့ရန် စီစဉ်ခဲ့ပေမယ့် မြေယာပိုင်ဆိုင်မှုတချို့ကြောင့် မပြောင်းရွှေ့တော့ဘဲ မူလနေရာမှာပင် ဘတ်ဂျက် သိန်း ၈၅၀၀ ကျော် အသုံးပြုကာ သံလွင်ဈေးက(ငါးဒိုင်)ကို ဘတ်ဂျက်နှစ်မကုန်ခင် အဆင့်မြှင့်တင်ဖို့ရှိတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။

အခု မီးရထားပိုင်မြေကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “လက်ရှိတော့ ဘာမှ အတည်မဖြစ်သေးပါဘူး။ သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အချိန် ပြောကြဆိုကြတာ ဖြစ်မှာပေါ့။ ကျနော်တို့ကတော့ ဘာမှ မသိသေးဘူး။ ဘာမှ မပြောသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ငါးညှီအနံ့ဆိုးတွေ မထွက်စေဖို့ ရေလှိုင်လှိုင်သုံးကာ ဆေးကြောသန့်စင်နေပြီး စည်ပင်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်နေတယ်လို့ အေဂျီငါးဒိုင် ဆိုင်ရှင် ဒေါ်တင်တင်ရီက ပြောပါတယ်။

မော်လမြိုင်မှာ ငါးအဝယ်ဒိုင်ကြီး ၁၅ ဒိုင်ခန့်ရှိပြီး ယင်းငါးဒိုင်ကို ပြောင်းရွှေ့ဖို့ ၂၀၁၆ ခုနှစ်ကတည်းက စီစဉ်နေတာဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်း တနှစ်ကျော်လာတဲ့အထိ အကောင်အထည် မဖော်နိုင်သေးတာ တွေ့ရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013