DVB Logo
Home
မြန်မာသတင်း
ကားတစီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု ယူဆရသည့် အလောင်းတွေ့ရှိ
DVB
·
October 18, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအပိုင်းရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မနေ့ညနေပိုင်းက  သေနတ်ပစ်ခံရပြီး သေဆုံးတယ်လို့ ယူဆရတဲ့ အမျိုးသား ၁ ဦး အလောင်း တွေ့ရှိခဲ့ပါတယ်။

မနေ့ ညနေ ၅ နာရီလောက်က နမ့်ဖတ်ကာကနေ မူဆယ်ဘက်အထွက် ပန်ဂျရော့ပ်ကုန်း ဆင်းရေစင်နား ရပ်ထားတဲ့ ကားတစီးပေါ်မှာ လူတဦး သေဆုံးနေကြောင်း တယ်လီဖုန်းနဲ့ အကြောင်းကြားလာတဲ့အတွက် နမ့်ဖတ်ကာရဲတပ်ဖွဲ့ကို ဆက်လက်အကြောင်းကြားပြီး လိုအပ်သလို အကူညီပေးဖို့ အဲဒီနေရာကို ချက်ချင်းသွားရောက်ခဲ့တယ်လို့ နမ့်ဖတ်ကာမှ မေတ္တာရှင်လူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းဝင်းက  ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနားလေးက ကားရေဖျန်းတဲ့ ရေစင်မှာ ထမင်းဆိုင်လေးလည်း ရှိတယ်။ အဲဒီမှာ ကောင်လေးတယောက်က ထမင်းဆိုင်ကို လာပြောတာ၊ ကားတစ်စီးက ရပ်နေတာကြာလှပြီ၊ လူလည်း မတွေ့ဘူးပေါ့နော်၊ ဒါနဲ့ ထမင်းဆိုင်ရှင်က သွားကြည့်တော့ အထဲမှာ ကားမောင်းသမားက သေဆုံးနေတာတွေ့လို့ ကျနော်တို့အဖွဲ့ဆီ ဖုန်းဆက်လာပါတယ်ခင်ဗျ။ ကျနော်တို့လည်း ရဲကို အကြောင်းကြားပြီး ရဲတွေနဲ့အတူ ရောက်သွားတယ်၊ အဲဒီကိုရောက်တော့ နှာခေါင်းမှာ သွေးတွေယိုပြီး သေဆုံးတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ကျနော်တို့ နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံ ရင်ခွဲရုံကို ပို့ပေးတယ်၊ ရင်ခွဲရုံရောက်တော့ ဆရာဝန်တွေ စစ်ဆေးတဲ့အခါ ဦးခေါင်း ညာဘက်ခြမ်း နောက်စေ့မှာ အပေါက်တပေါက် တွေ့တယ်။ ရဲတွေက သူ့ကားကို ပြန်စစ်ကြည့်တော့ ကျည်ဆန်ခွံတခု တွေ့ပါတယ်။ ဒီနေ့မနက်တော့ အခုထိ ဆရာဝန်တွေက သူ့ကို ခွဲစိတ်နေတုန်းပဲ အထဲထဲမှာ ကျည်ဆန်တွေ့မလားလို့။”

သေဆုံးသူမှာ ဘယ်အချိန်က ဆုံးသွားမှန်း မသိပေမယ့် ကွတ်ခိုင်တိုးဂိတ်ကို လှမ်းမေးရာမှာ တိုးဂိတ်ကနေ မွန်းလွဲ ၂ နာရီမှာ ဖြတ်လာခဲ့ကြောင်း၊ သူ့ရဲ့မော်တော်ကားကတော့  ညနေ ၃ နာရီ နဲ့ ၂၄ မိနစ်မှာ ရပ်သွားတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

မှတ်ပုံတင်အထောက်အထားအရ သေဆုံးသူမှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၃  တွင် နေထိုင်တဲ့ အသက် ၃၅ နှစ်ရွယ်ရှိ တရုတ်အမျိုးသား ရှူရှောက်ကျိန်ဆိုသူဖြစ်ပြီး ကားပေါ်မှာတော့ တခြား ဘာကုန်ပစ္စည်းမှမပါဘဲ တယ်လီဖုန်းတလုံးနဲ့ သီးနှံအနည်းငယ် တင်ဆောင်လာတာကိုပဲ တွေ့ရကြောင်း၊ နမ့်ဖတ်ကာရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ တယ်လီဖုန်းဆက်သွယ်မှု အထောက်အထားတွေ ပြန်လည်စစ်ဆေးနေပြီး ဖြစ်ရပ်မှန်ဖော်ထုတ်ရေး ဆောင်ရွက်နေတယ်လို့ ဦးတင်ထွန်းဝင်းက ပြောသွားပါတယ်။

ဓာတ်ပုံ - မေတ္တာရှင် လူမှုကူညီရေးအသင်း  နမ့်ဖတ်ကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013