DVB Logo
Home
မြန်မာသတင်း
နွားအကောင် ၅၀၀ ကျော် ပြန်လွှတ်ပေးမှု ဥပဒေနဲ့ ညီ၊ မညီ စစ်ဆေးပေးရန် စာတင်
DVB
·
October 18, 2017
Donate to DVB

ဧရာဝတီမြစ်အတွင်းမှာ ဖမ်းမိတဲ့ နွား ၅၀၆ ကောင် ပြန်လွှတ်ပေးမှု ဥပဒေနဲ့ ညီ၊ မညီ စစ်ဆေးပေးဖို့ လွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စု ရှေ့နေချုပ်နဲ့ တရားလွှတ်တော်ချုပ်တို့ကို အောက်တိုဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ တိုင်ကြားစာ ပေးပို့ထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က နွား ၅၀၆ ကောင်ကို တင်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း ဆန်တက်လာတဲ့ သံခွံမော်တော်ကြီး ၂ စီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာမှာ ဒုမြို့နယ်ရဲမှူး ဒုရဲမှူး ငွေမျိုးမြင့်နီ ဦးဆောင်တဲ့ ဖမ်းဆီးရေးအဖွဲ့က ရှာဖွေ ဖမ်းဆီးရမိခဲ့တာပါ။

ရွှေအင်ကြင်းသင်္ဘောပေါ်မှာ သင်္ဘောကိုယ်စားလှယ် ဦးဇော်မင်းဌေး၊ နွားမောင်းအဖွဲ့ခေါင်းဆောင် ဦးဝေယျာအောင်တို့ ဦးဆောင်ကာ နွား အကောင် ၂၀၀ နဲ့ သင်္ဘောကိုယ်စားလှယ် ဦးသန့်ဇော်၊ နွားမောင်းအဖွဲ့ခေါင်းဆောင် ဦးကျော်အောင်တို့ ဦးဆောင်တဲ့ ရွှေပုန်းညက်သင်္ဘောပေါ်မှာ နွား ၃၀၆ ကောင်၊ သင်္ဘော ၂ စီးပေါင်း ၅၀၆ ကောင် ကာလတန်ဖိုး ကျပ်သိန်း ၁၀၃၀ ဖိုးတို့ကို ခိုင်လုံတဲ့ အထောက်အထား မပြသနိုင်တဲ့အတွက် ဒုရဲမှူး ငွေမျိုးမြင့်နီက ကသာမြို့မစခန်းမှာ တရားလိုပြုလုပ်ပြီး (ပ)၂၆၄/၁၇၊ အရေးကြီးကုန်ပစ္စည်းဥပဒေပုဒ်မ-၅ အရ အမှုဖွင့်တိုင်တန်းခဲ့တာပါ။

နွားသယ်ယူတာနဲ့ပတ်သက်ပြီး အထောက်အထားတွေ စစ်ဆေးတဲ့အခါ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးကျော်တင့် (ခန့်ညားထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ)ကို သြဂုတ်လ ၂၂ ရက်နေ့ ရက်စွဲပါစာနဲ့ ဝယ်ယူခွင့်ပြုကြောင်း မိတ္တူနဲ့ မန္တလေးတိုင်း တိမွေးကု ဦးစီးဌာနရုံးက နွားကျန်းမာရေး ထောက်ခံစာတို့သာ ပါရှိပေမယ့် နယ်ကူးလက်မှတ်၊ တိုင်းကျော်သယ်ယူ ဖြတ်သန်းခွင့်တို့တော့ မပါရှိခဲ့ပါဘူး။

ဒါပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဆိုပြီး ကသာမြို့နယ်ဥပဒေရုံးက ၂၉ ရက်နေ့ ရက်စွဲပါစာနဲ့ အရေးကြီး ကုန်စည်ဥပဒေ ကျူးလွန်ဖောက်ဖျက်တာမရှိလို့ တရားစွဲဆိုဖို့ မသင့်ကြောင်း အကြောင်းကြားစာပေးပို့ခဲ့လို့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ရတာပါ။

"ကျနော်တို့ ဒေသခံတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ကြဘူး။ ကျနော်ကိုယ်တိုင်လည်း ဥပဒေနဲ့ညီမညီဆိုတာသိချင်တယ်။ ဒေသခံတွေ တောင်သူသုံး တစ်ကောင်စ၊ နှစ်ကောင်စ ဝယ်တာ၊ သယ်တာကျတော့ နယ်ကျော်လက်မှတ်မပါတာ၊ ထောက်ခံချက်မပါတာနဲ့ အမျိုးမျိုး ပြောပြီး ဖမ်းတယ်။ ဒါကျတော့ အရေးကြီးကုန်စည်ဥပဒေပုဒ်မ ၅ တပ်ပြီး တရားစွဲခံရတယ်။ အာမခံတောင်မရဘူး။ ပစ္စည်းဆုံး လူထောင်ကျပဲ။ အခုဟာမှာ မန္တလေးတိုင်းက ဝယ်ခွင့် လက်မှတ်မိတ္တူနှင့် တိုင်းတိမွေးကျန်းက ထောက်ခံချက်ပဲပါတယ်။ တိုင်းကျော်နယ်ကျော် သယ်ခွင့်ဘာမှမပါဘူး။ ဒါကြောင့် ပွင့်လင်းမြင်သာမှုမရှိလို့ အခုလို သက်ဆိုင်ရာဌာနတွေကို စစ်ဆေးပေးဖို့ စာပို့ရတာပါ။ အခုလို ဒေသခံပြည်တွေက လုပ်ချင်ရင် နည်းနည်းမလုပ်နဲ့၊ များများလုပ်။ များများလုပ်ရင် လွတ်တယ်ဆိုတဲ့ စကားတွေတောင်ပြောနေကြတယ်" လို့ ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဒီဗွီဘီကိုပြောပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်သူ့လွှတ်တော် တရား စီရင်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတီတို့ကို လိပ်မူပေးပို့ထားတဲ့စာမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအပေါ်လွှမ်းမိုးမှု ရှိ၊ မရှိ၊ ဥပဒေနဲ့ ညီ၊ မညီ စစ်ဆေးပေးဖို့နဲ့ ဒေသခံပြည်သူတွေကိုလည်း ပြန်လည်ရှင်းပြရမယ့်တာဝန်တွေ ရှိနေတဲ့အတွက် အကြောင်းစုံပြန်ကြားပေးဖို့တို့ ပါရှိပါတယ်။

နွားအကောင်ရေ ၅၀၀ ကျော် အထောက်အထား မပြည့်စုံလို့ ဖမ်းဆီးရမိတဲ့ သတင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013