DVB Logo
Home
ကျန်းမာရေး
ယောက်ျားနှင့် ဆီးကျိတ်
DVB
·
October 18, 2017
ယောက်ျားနှင့် ဆီးကျိတ်
Donate to DVB

မြန်မာနိုင်ငံသားတွေက အပြောအဆို အလွန်လိမ္မာယဉ်ကျေးသည်။ ဆီးပြွန်ကို ငုံထားသော အရည်စိမ့်ဂလင်း အကျိတ်လေးကို ဆီးကျိတ်ပါတဲ့။ ယဉ်ကျေးလိုက်ပုံများ အမှန်တကယ်တွင် ထိုအကျိတ်လေးသည် ဆီးနှင့် မည်သို့မျှမပတ်သက်။ သုက်ရည် စိမ့်ထုတ်ပေးသော အကျိတ်ဖြစ်၍ သုက်ရည်ကျိတ်ဟု ခေါ်ခြင်းက ပို၍ဆီလျော်ပါလိမ့်မည်။

သုက်ရည်ကျိတ်သည် သုက်ရည်သိုလှောင်ရာအင်္ဂါ ဖြစ်ပါ၏။ ယောက်ျားတယောက် သုက်တကြိမ်လွှတ်လျှင် ပျမ်းမျှအားဖြင့် သန်းနှစ်ရာမျှသော သုက်ကောင်များ ထွက်သည်။ ထိုသုက်ကောင်များ လိင်တံမှတဆင့် အပြင်သို့ထွက်ရာတွင် လွယ်ကူစေရန် သုက်ရည်ရောနှောပေးရခြင်း ဖြစ်သည်။ ယင်းအရည်တွင် အသားဓာတ်၊ အင်ဇိုင်းဓာတ်၊ အဆီဓာတ်၊ သကြားဓာတ်များ ပါဝင်သဖြင့် သုက်ကောင်များကို အားဖြည့်ပေးရာလည်း ရောက်ပါသည်။

ဆီးကျိတ် (သုက်ရည်ကျိတ်) သည် ဆီးအိမ်၏ အောက်ခြေလည်တိုင်တွင် ဆီးပြွန်ကို ငုံထားသော အသိုက်တခုသဖွယ် တည်ရှိသည်။ လူပျိုပေါက်အရွယ်တွင် သူ့အရွယ်အစားမှာ ဗာဒံသီးသာသာ၊ အသက်အရွယ်ရလာပြီး ဝှေးစေ့မှထုတ်ပေးသော ဖိုဟော်မုန်းများ လျော့နည်းကျဆင်းလာသည့်အခါ ဆီးကျိတ်၏ အရွယ်အစားသည် ကြီးထွားလာသည်။ ထိုသို့ ကြီးထွားလာခြင်းသည် ကျဆင်းလာသော ဖိုဟော်မုန်းရေချိန်ကို တန်ပြန်ချိန်ညှိရန် ဖြစ်သည်။ အကျိတ်၏ ကြီးထွားမှုရှိသော်လည်း ကင်ဆာကဲ့သို့ အခြားနေရာများထိ ပြန့်ပွားမှုမရှိသဖြင့် မပြန့်ပွားသော ဆီးကျိတ်ကြီးထွားမှုဟု ဆိုပါသည်။

အသက် ၅ဝ ကျော်သော အမျိုးသားတို့တွင် ဆီးကျိတ်ကြီးထွားမှုသည် အနည်းနှင့်အများ ရှိတတ်ပါသည်။ သို့သော် အသက် ၆ဝ မှအထက် အမျိုးသားများတွင် ဆီးကျိတ်ကြီးထွားမှုသည် အတွေ့ရများသော ကျန်းမာရေး ပြဿနာတခု ဖြစ်သည်။ ဆီးကျိတ် ကြီးထွားလာသည့်အခါ ယင်းအကျိတ်၏ ဝန်းပတ်မှု နယ်ပယ်အတွင်းမှ ဖြတ်ထွက်ရသော ဆီးပြွန်အား ဖိနှိပ်သည်။ ဆီးပြွန် ပြားသွားသည့်အခါ ဆီးသည် ယခင်ကဲ့သို့ အားနှင့်အင်နှင့် မသွားနိုင်တော့။ တစက်စက်ကျပြီး သွားရသည်။ ဆီးသွားပြီးလျှင် အားမရသလို ဆီးကျန်သလို ခံစားရသည်။ ထို့ကြောင့် အိမ်သာသို့ မကြာခဏ ပြေးရသည်။ ညဘက်မှာ အထူးအိပ်ရေးပျက်လေ့ ရှိပါသည်။

မပြန့်ပွားသော ဆီးကျိတ်ကြီးထွားမှုသည် သာမန်အားဖြင့် အသက်အန္တရာယ် မပြုပါ။ သို့သော် ဆီးကျိတ် ရိုးရိုးကြီးထွားမှုမှာ ကင်ဆာကျိတ်ဘဝသို့ ပြောင်းလဲပြီး ကြီးထွားလာလျှင်မူ အသက်အန္တရာယ် ရှိလာနိုင်သည်။ ထို့ကြောင့် ဆီးသွားရခက်လာလျှင် အထွေထွေကုဆရာဝန်နှင့် ပြသသင့်သည်။ ဆရာဝန်က ဆေးဝါးဖြင့် ကုသကောင်း ကုသမည်။ သို့တည်းမဟုတ် လိုအပ်သည့်အခါ ခွဲစိတ်ကုသဖို့ ညွှန်းဆိုပါလိမ့်မည်။ သို့သော် ရောဂါကုသရေးသည် ဆရာဝန်တဦးတည်းပေါ်မှာသာ မူတည်သည် မဟုတ်။ လူနာဘက်က လိုက်နာလုပ်ဆောင်ပေးရမည့် အရာများလည်း ရှိသည်။

ယင်းတို့တွင် ပါဝင်သော အချက်တခုမှာ ညအိပ်ရာမဝင်မီ နှစ်နာရီအလိုတွင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည် သောက်သုံးမှုကို ရှောင်ရန်ဖြစ်သည်။ မနေနိုင်၍ သောက်သုံးမည်ဆိုလျှင် ကဖင်းဓာတ် ထုတ်ပယ်ပြီးသား ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို သောက်သင့်ပါသည်။ ကဖင်းဓာတ်သည် ဆီးရွှင်စေတတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် သွေးတိုး သို့မဟုတ် နှလုံးအားပြတ်သည့် ရောဂါအတွက် ဆီးရွှင်ဆေးများ သောက်သုံးနေရပါကလည်း ယင်းအကြောင်းကို ဆရာဝန်အား ပြောပြသင့်ပါသည်။ ဆီးရွှင်ဆေး ပမာဏကို လျှော့ချနိုင်လျှင် အိမ်သာပြေးရသည့်အကြိမ်ကို လျှော့ချနိုင်ပါလိမ့်မည်။

အခြား ရှောင်ရှားရမည့် အရာများထဲတွင် နှာရည်ယိုသက်သာစေသည့် ဆေးများ၊ ဟစ္စတာမင်း ဆန့်ကျင်ဆေးများ ပါဝင်သည်။ ယင်းတို့က ဆီးပြွန်ကို ပတ်ထားသော ကြွက်သားများကို တင်းမာစေသည့်အတွက် ဆီးသွားရ ခက်စေပါလိမ့်မည်။ ထို့ပြင် ဆီးသွားလိုစိတ် အောင့်ထားခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဆီးသွားလိုစိတ် ပေါ်လာသည်နှင့် အိမ်သာသို့ပြေးပါ။ ထိုအခါ ဆီးအိမ်အလွန်တင်းခြင်းကို ရှောင်လွှဲနိုင်ပါမည်။

ဆီးကျိတ်ကြီးထွားမှုရောဂါကို အနောက်တိုင်းဆေးများဖြင့် ကုသမှုများသော်လည်း သဘာဝဆေးများကို ကုသမှုအတွက် အသုံးပြုနိုင်ပါသည်။ ပထမဦးစားပေး သုံးစွဲနိုင်သော ဆေးမှာ ဆေးထန်းစေ့ (Saw palmetto) ဖြစ်သည်။ မြန်မာနိုင်ငံတွင် သောက်ဆေးအဖြစ် ဝယ်ယူရရှိနိုင်သည်။ လူပေါင်း ၃,ဝဝဝ ကျော်နှင့် ပြုလုပ်ခဲ့သော သုတေသနအရ ဆေးထန်းစေ့ဖြင့် ကုသမှု ခံယူသူများသည် ဆီးကျိတ်ကြီးထွားမှုကြောင့် ဖြစ်လာသော ဝေဒနာခံစားရမှု သက်သာသည်သာမက ဆီးလုံးသေးသေးသွားနေရခြင်း ကိစ္စတွင်လည်း တိုးတက်မှုများရှိကြောင်း တွေ့ရပါသည်။ ဆီးကျိတ်ကြီးထွားမှုကို သက်သာစေသော အခြားသဘာဝဆေးများမှာ ပျားဝတ်မှုန် (Bee pollem) နှင့် သဘာဝသွပ်ဓာတ်ပါသော ဆေးတို့ ဖြစ်ပါသည်။

ဒေါက်တာလွှမ်းမိုးဟန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013