DVB Logo
Home
မြန်မာသတင်း
ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲများ မြို့ကြီးအချို့တွင် ကျင်းပ
DVB
·
October 18, 2017
Donate to DVB

မြန်မာနိုင်ငံထဲက ဘာသာလူမျိုး အားလုံး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေဖို့အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဒီလို ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ လုပ်တာဟာ တဦးနဲ့ တဦး ဒေါသတရားကင်းဝေးပြီး မေတ္တာတရားတွေနဲ့ ကြည့်မြင်စေဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ရန်ကုန်မြို့ အင်းယားကန်ပေါင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပွဲစီစဉ်သူက ပြောပါတယ်။

ဒါ့အပြင် ဒီဆုတောင်းပွဲဟာ နိုင်ငံရေး ရည်ရွယ်ချက်တခုမှမပါဘဲ ပြည်သူအားလုံး အတူတကွ ငြိမ်းချမ်းစွာနေထိုင်စေလို့တဲ့ ရည်ရွယ်ချက်သာ ပါတယ်လို့ ဆိုပါတယ်။

တကယ်ငြိမ်းချမ်းစေလိုတဲ့ မေတ္တာတရားအရင်းခံနဲ့ ကိုယ်တက်နိုင်တဲ့ဘက်က ဆုတောင်းပေးမယ်ဆိုရင် တကယ်ငြိမ်းချမ်းလာမယ်လို့ယုံကြည်ကြောင်း ပွဲကို တက်ရောက်လာတဲ့ အစ္စလာမ်ဘာသာဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် သူများကို တိုက်ခိုက်ဖို့၊ မုန်းတီးဖို့ ပြောဆိုနေတာထက် ဘာသာတရားအားလုံးက ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးတာက ကောင်းမွန်တဲ့လုပ်ရပ်တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ဆုတောင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ အစ္စလာမ်ဘာသာက ဘာသာဝင်ပေါင်း ၁ သောင်းခွဲနီးပါး ပါဝင်ခဲ့တာပါ။

မန္တလေးတိုင်းဒေသကြီး မနောရမ္မံပြည်သူ့ဟစ်တိုင်ကွင်းမှာလည်း ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး မနေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။

သံဃာတော်တွေ အပါအဝင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ပြီး မြန်မာပြည် ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ ဆုတောင်းခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နဲ့ မုံရွာမြို့တို့မှာလည်း မနေ့ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်၊ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ဟိန်းကို (ရန်ကုန်ဆုတောင်းပွဲ)

ဓာတ်ပုံ-အောင်အောင် (မန္တလေး ဆုတောင်းပွဲ)

ဓာတ်ပုံ - အောင်ကိုလတ် (စစ်ကိုင်းတိုင်းဒေသကြီး ဆုတောင်းပွဲ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013