DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာချင်းချင်း ခိုက်ရန်ဖြစ်ပွား၊ ၂ ဦးသေဆုံး
DVB
·
October 17, 2017
မလေးရှားတွင် မြန်မာချင်းချင်း ခိုက်ရန်ဖြစ်ပွား၊ ၂ ဦးသေဆုံး
Donate to DVB

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအလုပ်သမားအချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားမှု နှစ်ကြိမ်ရှိခဲ့ပြီး လူငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

ပထမဖြစ်ရပ်မှာ ပြီးခဲ့တဲ့  အောက်တိုဘာ ၁၄ ရက် (စနေနေ့) ညနေ ၄ နာရီလောက်က ရှားအလမ်းမြို့နယ် ဆက်ရှင် ၁၅ လမ်းထဲမှာ ဖြစ်ပွားပြီး အီလက်ထရောနစ်စက်ရုံလုပ်သား မြန်မာ ၃ ဦးက လုပ်ဖော်ကိုင်ဘက် တဦးကို ၀ိုင်းဝန်းထိုးနှက်ကြလို့  အထိုးခံရသူ ပွဲချင်းပြီး သေဆုံးသွား တာလို့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေတဲ့ နှလုံးလှပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးကိုသက်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာပြည်ကလာတဲ့သူချင်းချင်း ရန်ဖြစ်တာပေါ့။ အရက်မူးတာတော့ မဟုတ်ဘူး။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၁၀ ရက်လောက်က သူတို့ချင်းစကားများထားတာရှိတယ်။ အဲဒီရန်စနဲ့ ဆက်ဖြစ်တာလို့ဘဲ ပြောကြပါတယ်။ ၃ ယောက်နဲ့ တယောက်ဖြစ်တာ၊ အဲဒီတယောက်ကို ၀ိုင်းပြီး ထိုးနှက်ကြတာ၊ ဦးခေါင်းမှာရော၊ ဂျိုစောင်းမှာရော ဒဏ်ရာရတယ်။ ပါးမှာလည်း ထိုးတဲ့ဒဏ်ရာ ရှိတယ်။ အဲဒီနေရာမှာဘဲ ပွဲချင်းပြီးဆုံးတယ်။ ပြီးမှ ရဲကားရောက်လာပြီး အလောင်းကို ဆေးရုံသယ်သွားတာ၊ သူ့ကို ရိုက်တဲ့ ၃ ယောက်က ထွက်ပြေးသွားတယ်။ ပြီးတော့ သူတို့တိုက်မှာ နေတဲ့ မြန်မာ ၃ ယောက်ကို ရဲက ခေါ်သွားပြီး စစ်ဆေးတယ်။ သူတို့မဟုတ်တော့ ပြန်လွတ် လာပါပြီ။ ဟို ၃ ယောက်က မမိသေးဘူး။ ကျနော်တို့အဖွဲ့ကတော့ အလောင်းကို သက်ဆိုင်ရာ ဆွေမျိုးမိဘထံ ပြန်ပို့ပေးဖို့ ကူညီခဲ့ရပါတယ်။”

အရိုက်ခံရပြီး သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ အသက် ၂၄ နှစ်ရွယ်ရှိ အောင်ကျော်သန်း ဆိုသူဖြစ်ပြီး သူ့ရဲ့အလောင်းကို ဒီကနေ့ဘဲ နှလုံးလှပရဟိတအဖွဲ့က မလေးရှားလေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို ပို့ဆောင်ပေးခဲ့ရာမှာ မိဘဆွေမျိုးတွေ လာရောက်သယ်ယူသွားပြီလို့  သူကဆက်ပြောပါတယ်။

နောက်ဖြစ်ရပ်တခုမှာ ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ညနေပိုင်းက ကွာလာလမ်ပူ တရုတ်တန်းမှာ မြန်မာ ၄ ဦး အတူအရက်သောက်ရာမှ စကားများပြီး ဓားထိုးမှုဖြစ်ခဲ့တာလို့ ဦးကိုသက်က ပြောပါတယ်။

“သူတို့ ၄ ယောက်က မြန်မာနိုင်ငံ မွန်ပြည်နယ်ကလို့ ပြောတယ်။ အစက အချင်းချင်း အရက်တူ တူသောက်တယ်။ ပြီးတော့ မူးပြီးစကားများကြ၊ လက်လွန်ခြေလွန်ဖြစ်ပြီး ဓားနဲ့ထိုးတာ၊ နေမျိုးထွန်းဆိုတဲ့တယောက် ဓားဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး ဆုံးသွားတယ်။ ထိုးတဲ့ထဲက တယောက်ကိုတော့ ရဲက ဖမ်းထားတယ်၊ နာမည်တော့ မသိဘူး ၊ ကျန်တဲ့ ၂ ယောက်တော့ မမမိ သေးဘူး။”

သေဆုံးသူ နေမျိုးထွန်း (အသက် ၂၉ နှစ်)မှာ ယူအန်အိတ်ခ်ျစီအာမှထုတ်ပေးထားတဲ့ ဒုက္ခသည်လက်မှတ်ရှိပြီး မလေးရှားမှာ ဇနီးရော၊ ဆွေမျိုးတွေပါရှိတဲ့အတွက် အလောင်းကို မြန်မာပြည်သို့ မသယ်ဆောင်တော့ဘဲ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ကွာလာလမ်ပူ SENTUL KL   သုဿာန်မှာပဲ သင်္ဂြိုဟ်မယ်လို့ ဦးကိုသက်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013