DVB Logo
Home
မြန်မာသတင်း
အဖျောက်တွင် ကမ်းပါးပြို၍ အိမ် ၆ လုံး ရေထဲမျောပါ၊ အရေးပေါ် ပြောင်းရွှေ့နေရ
DVB
·
October 17, 2017
အဖျောက်တွင် ကမ်းပါးပြို၍ အိမ် ၆ လုံး ရေထဲမျောပါ၊ အရေးပေါ် ပြောင်းရွှေ့နေရ
1 / 5
Donate to DVB

 

တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာမှာ အောက်တိုဘာ ၁၆ ရက်နေ့ ည ၁၂ နာရီအချိန်က ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျကာ နေအိမ် ၆ လုံး ရေထဲမျောပါသွားခဲ့ပြီး ကျန်အိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အေးရွာကျေးရွာမှ ဦးဌေးမြင့်က “ည ၁၂ နာရီလောက်က သင်္ဘောမောင်းသလို ဝေါဝေါဆိုပြီး အဆက်မပြက် ဆက်တိုက် ပြိုကျလို့ ဘာပစ္စည်းမှ သယ်ချိန်မရဘဲ လူတွေသာ အလွတ်ထွက်ပြေးခဲ့ရတယ်။ အိမ် ၆ လုံးက ရေထဲ ပါသွားတယ်။ ညတွင်းချင်းပဲ ရွာထဲက လူတွေစုပြီး အားချင်း အိမ်တွေဖျက်ပြီး ရွှေ့ရပါတယ်။ အခုချိန်ထိ ကမ်းပါးတွေက ဆက်တိုက်ပြိုနေတုန်းပါ။ အခုဆို အိမ် ၁၅ လုံးလောက် ပြောင်းရွှေ့ထားပြီး ဆက်ပြောင်းဖို့လည်း လုပ်နေပါတယ်။ ကမ်းပါးပြိုတာဆို ကျနော်တို့ရွာတဝက်ကျော် ကုန်သွားပါပြီ။ လက်ရှိမှာ နေစရာမရှိလို့ ကွင်းထဲမှာ ပစ္စည်းတွေစုပုံပြီး နေရပါတယ်။ ဒီလိုသာ ဆက်တိုက်ပြိုနေမယ်ဆို ကျနော်တို့ ရွာသားတွေ ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ရတော့မယ့် အခြေအနေ ဖြစ်နေပြီ”လို့  ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးက “အုပ်ချုပ်ရေးအပိုင်းကတော့ လောလောဆယ် ပြောင်းရွှေ့ရတဲ့ အိမ်တွေကို ကူညီလုပ်ဆောင်ပေးနေပါတယ်။ မြို့နယ်ကိုလည်း တင်ပြထားပါတယ်။ ကမ်းတွေက ခုချိန်ထိ ဆက်လက်ပြိုနေတုန်းဆိုတော့ စောင့်ကြည့်နေပြီး လိုအပ်ရင် ပြောင်းရွှေ့နိုင်အောင် စောင့်ကြည့်နေပါတယ်” လို့  ပြောပါတယ်။

အဖျောက်မြို့ အေးရွာကျေးရွာနဲ့ ရေပေါ်သောင်ကျေးရွာအုပ်စုက မြစ်ကမ်းပါးပြိုလို့ ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေပြီး ကမ်းပြိုမိသားစုတစုကို ကယ်ဆယ်ရေးပစ္စည်း ဆယ်မျိုး၊ တအိမ်ထောင်ကို နှစ်သိန်းကျပ်၊ လူတဦးကို တပတ်စာ ဆန်ရိက္ခာအတွက် ၂၂၀၀ ကျပ်နှုန်း ထောက်ပံ့ပေးပြီး နောက်ထပ်ပြိုတဲ့ မိသားစုတွေအတွက်ကို ဆက်လက်ထောက်ပံ့ပေးသွားပါမယ်လို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။

အေးရွာကျေးရွာမှာ ၂၀၁၇ ခုနှစ် ၆ လပိုင်းက စတင်ပြီး ဧရာဝတီမြစ်ရေ တိုက်စားလို့ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့ရာ အိမ်ထောင်စု ၁၀၀ ကျော် ပြောင်းရွှေ့ခဲ့ရပါတယ်။ အခုအခါ ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေတာကြောင့် နောက်ထပ် ပြောင်းရွှေ့ရမယ့် မိသားစုတွေ ရှိနေပြီး ပြောင်းရွှေ့မိသားစုတွေမှာ နေစရာ အခက်အခဲတွေကြောင့် နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။

အေးရွာကျေးရွာနဲ့ တဆက်တည်း ပန်းတုန်းပိတ်ကျေးရွာမှာလည်း မြစ်ကမ်းပါတွေ ဆက်တိုက်ပြိုကျတာကြောင့် အိမ်ထောင်စုတွေ ပြောင်းရွှေ့ခဲ့ရပြီး အခုအခါ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ဆောင်ပြီးခဲ့တာကြောင့် ကမ်းပါးပြိုကျမှု ကင်းဝေးခဲ့ရပါတယ်။

အေးရွာကျေးရွာမှာတော့ မြစ်ကမ်းထိန်းသိမ်းရေး မရှိတာကြောင့် ကျေးရွာရဲ့တဝက်ကျော် မြစ်ထဲပါသွားခဲ့ပြီး ကျေးရွာပြည်သူတွေအနေနဲ့ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ဆောင်ပေးဖို့ မျှော်လင့်နေကြပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013