
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းက ဦးဖြိုးကိုကိုတင့်ဆန်းပိုင်တဲ့ A.C.E Group Of Companies ကို မနေ့ ညနေပိုင်းက ချိတ်ပိတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ သေနတ် ၂ လက်၊ စကားပြောစက်တွေနဲ့ ဒရုန်း စတာတွေ ဖမ်းဆီးမိပြီးနောက် အဲဒီညမှာပဲ ချိတ်ပိတ်ထားတဲ့ ကြိုးတွေကို ပြန်ဖယ်သွားတယ်လို့ ကုမ္ပဏီဘေး လက်ဖက်ရည်ဆိုင်သူတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ ဒီကုမ္ပဏီထဲမှာ ရုံးလာတက်တဲ့သူတွေ ရှိတာကိုလည်း မြင်တွေ့နေရပါတယ်။ ကုမ္ပဏီအရှေ့မှာတော့ ရဲတွေရှိနေပြီး စောင့်ကြည့်မှုတွေလည်း လုပ်နေပါတယ်လို့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်ညက နေပြည်တော်လေဆိပ်မှာ အားကစားဝန်ကြီးဟောင်းရဲ့ သားဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အဖော် ၂ ယောက်ထံကနေ သြစတြေးလျနိုင်ငံထုတ် ၉ မမ ပစ္စတို ၂ လက်နဲ့ ကျည် ၇၂တောင့်၊ WY စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁.၅ ဂရမ်၊ ဆက်သွယ်ရေးစက် ၃ လုံး စတာတွေ ဖမ်းမိခဲ့ပါတယ်။
အဲဒီနောက် သူတို့ တည်းခိုခဲ့တဲ့ ဟိုတယ် ACE ကို ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ဖြိုးကိုကိုတင့်ဆန်းရဲ့ အခန်းက လျူဂါ ပစ္စတို အပါအဝင် ပစ္စတို ၅ လက်၊ ကျည် ၆၃၈ တောင့်၊ အမ် ၁၆ ကျည်အတောင့် ၂၀၊ ပွိုင့် ၂၂ ကျည် ၁၀ တောင့်၊ ကျည်ကာအင်္ကျီတထည်၊ စနိုက်ပါ မှန်ပြောင်းတခု စတာတွေ ဖမ်းမိခဲ့ပါတယ်။
ဖြိုးကိုကိုတင့်ဆန်းရဲ့ အဖော် ၂ ယောက်တည်းခိုတဲ့ အခန်းမှာတော့ ပစ္စတို ၂ လက်နဲ့ ကျည် ၁၆ တောင့်ကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေအိမ် ၄ လုံးကိုပါ ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ဒီဗွီဘီကို ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ – ကျော်ဇေယျ











